အာရက္ခတိုင်းမ်စ် (၂၆ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည် သံတွဲမြို့က စစ်တပ်ရဲ့ ဒေါက်တိုင်ဖြစ်သူတွေ ပိုင်ဆိုင်ခဲ့တဲ့ နေအိမ်နဲ့ အဆောက်အဦးတွေကို ရွေးတုအစိုးရက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
“ကျနော်ထင်တာကတော့ စစ်တပ်ဒေါက်တိုင်တွေ ပိုင်ဆိုင်ခဲ့တဲ့ အိမ်တွေ၊ အဆောက်အဦးတွေကို သီးသန့် လာဖျက်ဆီးတာလို့ ထင်တယ်။ မစားရတဲ့အမဲ သဲနဲ့ပက်တာပေါ့လေ။ ဘာလို့ဆိုတော့ ဒီရက်ပိုင်းထဲ ဗုံးကျတဲ့နေရာတွေက ဦးချိုကြီး အိမ်နဲ့ ဗိုလ်မှူးကြီးဝင်းဟန် အိမ်နေရာတွေလေ။ ဗိုလ်မှူးကြီးဝင်းဟန် နေရာဆို ၃ ခါတောင် လာကြဲတာလေ” လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရွေးတုအစိုးရတပ်ဟာ ဇူလိုင်လ ၁၉ ရက် ညနေဖက်က သံတွဲမြို့ကို ဗုံးကြဲခဲ့လို့ စစ်တပ် ဒေါက်တိုင်တစ်ဦးဖြစ်တဲ့ ဦးချိုကြီး နေအိမ် ပျက်စီးခဲ့ပါတယ်။ ဦးချိုကြီးရဲ့သားဟာ လားရှိုးတိုက်ပွဲတွင် သေဆုံးခဲ့တဲ့ စစ်တပ်က အရာရှိတစ်ဦးလည်း ဖြစ်ပါတယ်။
အလားတူ ၂၄ ရက်မှာလည်း ရွေးတုအစိုးရဟာ သံတွဲမြို့ကို ၃ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့တဲ့ နေရာဟာ ဗိုလ်မှူးကြီးဝင်းဟန် ပိုင်ဆိုင်ခဲ့တဲ့ နေအိမ်နဲ့ အဆေက်အဦး နေရာတွေပဲ ဖြစ်ပါတယ်။
“သတင်းတွေမှာ တက်တာက ရွှေရည်စားသောက်ဆိုင်ပေါ့။ ရွှေရည်စားသောက်ဆိုင်ကို ဘာလို့ ၃ ခါတောင်ကြဲတာလဲပေါ့။ သူ့မျက်စောင်းထိုးမှာ ဦးဝင်းဟန်ရဲ့ အိမ်ရှိတယ်။ ရှေ့မှာ စာရင်းရုံးတွေရှိတယ်။ ဦးဝင်းဟန် ပိုင်ဆိုင်တဲ့ အဆောက်အဦးတွေ ရှိတယ်။ ဒါကြောင့်ပဲ လာကြဲတာထင်တယ်။ အရင်တုန်းကလည်း သူတို့ ပိုင်ဆိုင်ခဲ့တဲ့ အဆောက်အဦးတွေ လာရောက် ဖျက်ဆီးဖို့ ဗုံးလာကြဲတာတွေ ရှိတာပဲလေ” လို့ နောက်ထပ် သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရွေးတုအစိုးရတပ်ဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းက ဒွါရာဝတီမြို့တော်ခန်းမ နဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို ဗုံးကြဲဖက်ဆီးခဲ့ပြီး အောက်တိုဘာလ ၂၄ရက် ကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး နဲ့ စစ်သားစုဆောင်းရေးရုံးတို့ကို ဗုံးကြဲ ဖျက်ဆီးခဲ့ပါတယ်။
