အာရက္ခတိုင်းမ်စ် (၇ သြဂုတ် ၂၀၂၆)
အဓမ္မပြုကျင့် သတ်ဖြတ်မှုအတွက် ရက္ခိုင်ပြည်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သေဒဏ်စတင်ပြီး အပြစ်ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။
ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီး တရားစွဲဆိုထားတဲ့ တရားခံသုံးဦးအနက် တစ်ဦးကို သေဒဏ်နဲ့ ကျန်နှစ်ဦးကို ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်လိုက်တယ်လို့ ဒီလပ်တပ်ဖွဲ့က ဩဂုတ်လ ၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို ဇူလိုင်လ ၂၂ ရက် ညပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ကျေးရွာအနီးရှိ မြောင်းအတွင်း တွေ့ရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားခံသုံးဦးကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။
စုံစမ်းစစ်ဆေးမှုများအရ တရားခံ မောင်တင်ဝင်းဟာ အမျိုးသမီးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး၊ တခြားတရားခံနှစ်ဦးမှာလည်း အမှုတွင် ပါဝင်ပတ်သက်ခဲ့တယ်လို့ သိရပါတယ်။
တရားခံ မောင်တင်ဝင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ်ချမှတ်ခဲ့ပြီး၊ တခြားတရားခံနှစ်ဦးဖြစ်တဲ့ မောင်အေးကျော် (ခ) မောင်ပုနဲ့ မောင်သန်းစိုး (ခ) င/လုံးတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၆၄ အရ ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ လူသတ်မှု၊ မုဒိမ်းမှုနဲ့ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများအပါအဝင် ရာဇဝတ်မှုများကို ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်သွားမှာဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို မလွတ်စေရေး မူဝါဒနဲ့ အရေးယူ ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
