အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်ဆိပ်ရွာအနီးကို စစ်ကောင်စီက စက်တင်ဘာလ ၃၀ ရက် ည ၉ နာရီအချိန်တွင် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီကြောင့် ထိခိုက် ဒဏ်ရာရရှိသူမှာ ပုဏ္ဏားကျွန်းမြို့က စစ်ဘေးရှောင်လာနေတဲ့ အသက် (၄) နှစ်အရွယ် မောင်နေကျော်လင်းနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရပ်ရွာက အသက် (၂၆) နှစ်အရွယ် မခင်ခင်သန်းတို့ ဖြစ်ပါတယ်။
အဆိုါ ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် မောင်နေကျော်လင်းမှာ ဘယ်ဘက်ခြေထောက်တွင် ဗုံးစများ ထိမှန်လို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး၊ မခင်ခင်သန်းမှာလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ကို စက်တင်ဘာလ ၃၀ ရက်၊ ည ၉ နာရီအချိန်ကစတင်ပြီး ဂျက်ဖိုက်တာ တစ်စီးပြီး တစ်စီး လာရောက်ကာ ဗုံးကြဲချ တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့က (စက်တင်ဘာ ၃၀) ည ၉ နာရီကျော်နောက်ပိုင်းကနေ ညသန်းခေါင်အချိန်အထိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဝီရဋ္ဌာနီမြို့နယ်တို့ကိုပါ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ထိခိုက် ဒဏ်ရာရစာရင်းကို ဆက်လက် စုံးစမ်းနေပါတယ်။
