NewsPolitic

ကျောက်တော်ဗုံးကြဲခံရမှု အာဆီယံအလှည့်ကျ ဥက္ကဌ စိုးရိမ်ကြောင်း ပြောဆို

အာရက္ခတိုင်းမ်စ် (၄ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှာ စက်တင်ဘာလ ၂၈ ရက်က စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား အယောက် ၅၀ သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရခဲ့တဲ့အပေါ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက အောက်တိုဘာလ ၃ ရက်မှာ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို အကောင်းဆုံး ကူညီဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ဒေသတွင်း အဖွဲ့အစည်းတွေ ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်အောင် ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိကြောင်းလည်း ပြောဆိုထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ လက်ထောက်အတွင်းဝန် အန်နာ မာရီ ဟာနန်ဒိုကတော့ “ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီး တိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ၊ လူအသက်ဆုံးရှုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိပါတယ်” လို့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားအမြင်တွေကို အလေးထားပြီး၊ ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ အများသဘောတူညီချက်ပေါ် အခြေခံတဲ့ ချဉ်းကပ်မှုနည်းလမ်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၈ ရက်က ကျောက်တော်မြို့၊ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေး၊ အမျိုးသမီး၊ ဈေးသည်၊ ဈေးဝယ်သူနဲ့ မော်တော်ယာဉ်မောင်းတွေ အပါအဝင် ပြည်သူ အယောက် ၅၀ သေဆုံးပြီး ၅၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

ကျောက်တော်မြို့ ဗုံးကြဲမှုကြောင့် အရပ်သားတွေ အစုအပြုံလိုက် ထိခိုက်သေဆုံးခဲ့ရမှုအပေါ် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နိုင်ငံနဲ့ NUG အစိုးရ၊ တိုင်းရင်းသားအင်အားစုတွေက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားကြပြီး၊ စစ်ပွဲဆိုင်ရာ ဥပဒေတွေကို လိုက်နာဖို့နဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့ တောင်းဆိုထားကြပါတယ်။

Related posts

အဓမ္မပြုကျင့်သတ်ဖြတ်မှုအတွက် ရက္ခိုင်တွင် သေဒဏ်စတင်ပေး

Rakhita Times

မြောက်ဦးတွင် ရှေးဟောင်းရတနာများတွေရှိသူ လူငယ်တွေကို ဂုဏ်ပြုဆုချီးမြှင့်

Rakhita Times

ANP လွှတ်တော်ကိုယ်စားဟောင်းတဦး အလောင်း ရန်ကုန် အင်းလျားကန်မှာ တွေ့

Rakhita Times

Leave a Comment