အာရက္ခတိုင်းမ်စ် (၇ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ နေရာ ၃ ခုထက်မနည်းကို စစ်ကောင်စီတပ်က လေယာဉ်အုပ်စုလိုက် အသုံးပြုကာ ဗုံးအလုံးရေ ဆယ်နဲ့ချီပြီး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၁ နာရီကနေ ၃ နာရီကျော်အထိ ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်များကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဗုံးကြဲခံရတဲ့ နေရာတွေကတော့ ကျောက်တော်မြို့အနီးရှိ စကခ ၉ တပ်မဌာနချုပ်အနီးဝန်းကျင်၊ ဒေါင်းတော်ယိုးကျေးရွာအနီးရှိ ခမရ ၃၇၆ တပ်ရင်းနဲ့ ဒေါင်းတော်ယိုးသင်္ချိုင်းဟောင်းနေရာများ၊ ကြောင်ဖိုကျေးရွာအနီးရှိ နန်းတက်သိမ်ဘုရားအနီးဝန်းကျင်တို့ ဖြစ်ကြပြီး ဗုံးအများအပြား ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များနဲ့ အရပ်သားနေရာများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူများအနေနဲ့ လေကြောင်းလှုပ်ရှားမှုတွေကို အထူးသတိပြုကြရန်နဲ့ လုံခြုံရာနေရာတွေမှာ နေထိုင်ကြရန် အာရက္ခတပ်တော်က အောက်တိုဘာလ ၅ ရက်မှာ အထူးတိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်တွင် လက်ရှိရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဟာ လူမျိုး၊ ဘာသာမရွေး အပြစ်မဲ့အရပ်သားပြည်သူများ၊ ရဟန်းသံဃာများ၊ ကိုယ်ဝန်ဆောင်များနဲ့ ကလေးသူငယ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်လာနေလို့ အရပ်သားပြည်သူများအနေနဲ့ လေကြောင်းရန်ကို အချိန်တိုင်း၊ စက္ကန့်တိုင်း အမြဲသတိထားနေထိုင်ကြရန် လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။
