BusinessNewsPolitic

ရက္ခိုင်ကို ပို့မယ့် ဘိလပ်မြေ တန်ချိန် ၄၀ ကို ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၇ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် တန်ချိန် ၄၀ တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ (Coast Guard) က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကုန်ပစ္စည်းများကို ရက္ခိုင်ပြည်ကို တရားမဝင် မှောင်ခိုတင်သွင်းရန် ကြိုးပမ်းခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် ဘင်္ဂလားဒေ့ရှ်ငွေ သိန်း ၄၀ ခန့် တန်ဖိုးရှိကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ မီဒီယာအရာရှိ ဒုတိယဗိုလ်မှူး ဆာဘီးယာ အလမ်ဆူဂျန် (Sabbir Alam Sujan) က ပြောကြားပါတယ်။

ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က တပ်ဖွဲ့ဝင်များဟာ အောက်တိုဘာလ ၅ ရက် နံနက် ၁ နာရီခန့်တွင် အထူးစစ်ဆင်ရေးတစ်ရပ်ကို စတင် လုပ်ဆောင်ခဲ့ပြီး အဆိုပါ စစ်ဆင်ရေးကို Karnaphuli ရေလမ်းကြောင်း၊ အမှတ် (၁၂) ဆိပ်ခံတံတားအနီးတွင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များဟာ သံသယဖြစ်ဖွယ် ကုန်တင်စက်လှေတစ်စီးကို ရှာဖွေစစ်ဆေးခဲ့ရာ စုစုပေါင်း အလေးချိန် တန်ချိန် ၄၀ ရှိတဲ့ ဘိလပ်မြေအိတ် ၈၀၀ နဲ့အတူ စက်လှေကိုပါ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဘိလပ်မြေများကို ရက္ခိုင်ပြည်သို့ တရားမဝင် မှောင်ခိုတင်ဆောင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်တယ်လို့ ဆာဘီးယာ အလမ်ဆူဂျန်က ဆိုပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေအနေနဲ့ မှောင်ခိုသမားများ ထွက်ပြေးတိမ်းရှောင်သွားကြလို့ ဖမ်းဆီးရမိခြင်း မရှိခဲ့ကြောင်းလည်း သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ဘိလပ်မြေများ၊ စက်လှေတို့နဲ့ပတ်သက်ပြီး လိုအပ်တဲ့ တရားဥပဒေ လုပ်ထုံးလုပ်နည်းများကို ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

မှောင်ခိုနဲ့ လူကုန်ကူးမှုများကို တားဆီးနှိမ်နင်းရန်အတွက် အခုလို စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဒုတိယဗိုလ်မှူး ဆူဂျန်က ပြောပါတယ်။

Related posts

သက်ငယ်မုဒိန်းမှုတွေကို ပြတ်ပြတ်သားသား အရေးယူပေးရန် ပြည်သူတွေတောင်းဆိုပြီးနောက် AA က သက်ငယ်မုဒိန်းကာကွယ်တားဆီးရေး ပညာပေးတွေလုပ်ဆောင်လာ

Rakhita Times

ရက္ခိုင်မြောက်ပိုင်းတွင် တောင်ပြို/မြေပြို အန္တရာယ် အလွန်စိုးရိမ်ရ

Rakhita Times

မောင်တောတွင် မိုင်းနင်းမိလို့ အမျိုးသားတဦး ပြင်းထန်ဒဏ်ရာရ

Rakhita Times

Leave a Comment