အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ သင်္ဘောလှကျေးရွာတွင် အောက်တိုဘာလ ၃ ရက် နံနက်ပိုင်းက ဝါးခုတ်သွားကြတဲ့ ဒေသခံအမျိုးသား ၂ ဦး မြေမြှုပ်မိုင်း နင်းမိလို့ ထိခိုက် ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူတွေကတော့ သင်္ဘောလှကျေးရွာက အသက် ၃၆ နှစ်အရွယ် ဦးလှမောင် နဲ့ အသက် ၄၀ အရွယ် ဦးအောင်မြကျော် တို့ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အမျိုးသား ၂ ဦးဟာ အောက်တိုဘာလ ၃ ရက် နံနက် ၁၀ နာရီကျော်ခန့်က ရွာကနေ မိနစ် ၂၀ ခန့် သွားရတဲ့ တောဘက်ကို ဝါးခုတ်ရန် သွားရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
သူတို့ သွားရောက်ပြီး ၁ နာရီခန့်အကြာတွင် ပေါက်ကွဲသံကြားရလို့ ရွာသားများ သွားရောက်ကြည့်ရှုခဲ့ရာ ဒဏ်ရာရရှိသွားတဲ့ သူတို့ ၂ ဦးကို တွေ့ရှိခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
သင်္ဘောလှကျေးရွာအပါအဝင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာတချို့မှာ အရင်က စစ်ကောင်စီတပ်ဖွဲ့များ စခန်းချ နေထိုင်ခဲ့တဲ့ နေရာများဖြစ်ပြီး မြေမြှုပ်မိုင်းများ ထောင်ထားခဲ့လို့ မကြာခဏ မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိပါတယ်။
