အာရက္ခတိုင်းမ်စ် (၁၂ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ဝီရဌာနီမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆယ်ကျော်သက် ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုများ ရှိလာနေတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၁ ရက်က ဝီရဌာနီမြို့၊ အမှတ် (၃) ရပ်ကွက်ကို နေပြည်တော်လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ အောက်တိုဘာလ ၁၁ ရက် ညနေ ၄ နာရီကျော်အချိန်မှာလည်း ဝီရဌာနီမြို့နယ်ရှိ ဒါးကိုင်ကျေးရွာနဲ့ ငပြီကျွန်းကျေးရွာကို မကွေးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
အောက်တိုဘာလ ၁၀ ရက် ညနေပိုင်းကလည်း ဝီရဌာနီမြို့နယ်၊ ဆင်အိုင်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူများအပေါ် ဦးတည်တိုက်ခိုက်နေတဲ့ လုပ်ရပ်များနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းအချက်အလက်များကို အာရက္ခတိုင်းမ်စ်က ဆက်လက် ဖော်ပြပေးသွားပါမယ်။
