အာရက္ခတိုင်းမ်စ် (၂၁ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ဝီရဌာနီမြို့ပေါ်နဲ့ အနီးအနား ကျေးရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၀ ရက် ညအချိန်တွင် Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အောက်တိုဘာလ ၂၀ ရက် ည ၉ နာရီခွဲခန့်က ပြားသူကြွယ်ကျေးရွာအတွင်းကို ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဗုံးစထိမှန်မှုကြောင့် အသက် ၃၇ နှစ်အရွယ် ဒေါ်ခင်ရွှေဦးနဲ့ အသက် ၄၂ နှစ်အရွယ် ဦးနိုင်ဝင်းတို့ သေဆုံးခဲ့ရကာ ဒေါ်ခင်ယိုင်နုနဲ့ မောင်ဆန်းယုတို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ထို့နောက် ည ၉ နာရီ ၅၃ မိနစ်ခန့်တွင်လည်း Y-12 လေယာဉ်ဟာ ဝီရဌာနီမြို့ပေါ်ကို လှည့်ပတ်ပြီး ဗုံးအလုံး ၃၀ နီးပါး ကြဲချခဲ့လို့ အမှတ် (၁) ရပ်ကွက်က မမြတ်မြတ်ဝေ (၁၂ နှစ်)၊ အမှတ် (၄) ရပ်ကွက်က ဦးဘသာ (၅၃ နှစ်) နဲ့ မောင်စစ်ငြိမ်းနိုင် (၁၆ နှစ်) တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ည ၁၀ နာရီခွဲတွင် လက်ပံပြားကျေးရွာ ဖောင်တော်ဆိပ်အနီးကို ဗုံး ၄ လုံး ကြဲချခဲ့လို့ ငါးရှာနေတဲ့ ဒေသခံ ဦးထွန်းကျော်စိန် ဒဏ်ရာရရှိခဲ့ပြီး၊ လက်ရှိတွင် ဒဏ်ရာရရှိသူများအားလုံး ဆေးဝါးကုသမှု ခံယူနေကြရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၁ ရက်ကလည်း ဝီရဌာနီမြို့၊ အမှတ် (၃) ရပ်ကွက်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆယ်ကျော်သက် ကလေးငယ်တွေအပါအဝင် ဒေသခံ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
