အာရက္ခတိုင်းမ်စ် (၂၃ အောက်တိုဘာ ၂၀၂၆)
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ စစ်ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေတဲ့ ရက္ခိုင်စစ်ဘေးရှောင် တစ်ဦး အပါအဝင် လူငယ် ၄ ဦးကို စစ်ကောင်စီတပ်က ရွာထဲအထိ ဝင်ပြီး စစ်မှုထမ်းဖို့ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာလ ၂၁ ရက် ည ၈ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ် ဝတ်ထားသူတွေ အပါအဝင် ၁၅ ဦးခန့်ရှိတဲ့ အဖွဲ့က ရေကြည်မြို့နယ်က ကျေးရွာတွေထဲ ဝင်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
ဖမ်းခံရတဲ့သူတွေက ကက္ကူကြီးကျေးရွာနဲ့ ရွာသစ်ကြီးကျေးရွာက ဒေသခံ အသက် ၃၀ အရွယ် ကိုလင်းခိုင်နဲ့ ကိုအေးလွင်၊ အသက် ၂၄ နှစ်အရွယ် ကိုကျော်မင်း၊ စစ်တွေမြို့နယ်ကနေ ရေကြည်ကို စစ်ဘေးရှောင်လာတဲ့ အသက် ၁၈ နှစ်အရွယ် ကိုမင်းထက် တို့ ဖြစ်ပါတယ်။
ဖမ်းခံရတဲ့ လူငယ်တွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက လက်ရှိအချိန်ထိ သူတို့နဲ့ အဆက်အသွယ် လုံးဝမရသေးဘဲ ဘယ်နေရာကို ခေါ်သွားပြီး ထိန်းသိမ်းထားလဲဆိုတာလည်း မသိရသေးလို့ လိုက်စုံစမ်းနေရတယ်လို့ ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၁၆ ရက်ကလည်း ငါးသိုင်းချောင်းမြို့မှာ PDF နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းခဲ့တာ ရှိခဲ့ပါတယ်။
ဓာတ်ပုံ – ရက္ခိုင်ပြည်မှ စစ်ဘေးဒုက္ခသည်များအား ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရစဥ်
