အာရက္ခတိုင်းမ်စ် (၂၇ အောက်တိုဘာ ၂၀၂၆)
ဧရာဝတီတိုင်း၊ ရက္ခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံအရပ်သား ၃ ဦးကို အာရက္ခတပ်တော် (AA) ကို စက်သုံးဆီ တရားမဝင် သိုလှောင်ရောင်းချပေးနေတယ်လို့ စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၄ ရက်က ပိုးစုကြီးကျေးရွာထဲမှာ စားသောက်ကုန်နဲ့ စက်သုံးဆီ ရောင်းချနေတဲ့ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ဝင်ရောက် ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ ၃ ဦးက ရွာတစ်ရွာတည်းကဖြစ်ပြီး၊ “ရက္ခိုင်ကို ပို့တယ်၊ AA တပ်တော်ကို ရောင်းပေးတယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရတာဖြစ်ကြောင်း ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အမျိုးသမီးတစ်ဦးအပါအဝင် ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်က ဘယ်နေရာကို ခေါ်သွားပြီး ထိန်းသိမ်းထားလဲ မသိရသေးဘဲ သတင်းအမှောင်ချခံထားရလို့ မိသားစုဝင်တွေက အထူး စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ကြံခင်းမြို့နယ်ထဲက စားသောက်ကုန်နဲ့ စက်သုံးဆီ ရောင်းတဲ့ ဆိုင်တွေကို ညဘက်လည်း လိုက်လံ စစ်ဆေးနေပြီး စက်တင်ဘာလ ၂၈ ရက်မှာလည်း လယ်ယာသုံး ဒီဇယ်ဆီ ဝယ်လာတဲ့ အရပ်သားတစ်ဦးကို တရားမဝင် စက်သုံးဆီ ဝယ်ယူတယ်ဆိုပြီး ဖမ်းဆီးခဲ့ဖူးပါတယ်။
