NewsPolitic

စစ်တွေ ပါဒလိတ်တပ်ရင်းကို AA လက်နက်ကြီးနဲ့ ပစ်၊ ၅ ဦးထက်မနည်းသေ

အာရက္ခတိုင်းမ်စ် (၄ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရဲ့ ရှေ့ထွက်တပ်ရင်းတွေဖြစ်တဲ့ ပါဒလိတ်တပ်ရင်းကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့် အရာရှိတစ်ဦးအပါအဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒကစ စစ်ဌာနချုပ်နဲ့ ၄ မိုင်ကျော်ခန့်အကွာ ပါဒလိတ်ကျေးရွာမှာ အခြေစိုက်ထားတဲ့ ခလရ (၂၃၂)၊ ခမရ (၃၄၄)၊ အမှတ် (၁၀) ပညာရေးသင်တန်းကျောင်းနဲ့ အမှတ် (၃၄၃) စစ်လက်နက်ပစ္စည်းတပ်ခွဲတို့ကို AA ဘက်က ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁ ရက်မှာ ခလရ (၂၃၂) တပ်ရင်းအတွင်း လက်နက်ကြီး ထိမှန်ပေါက်ကွဲလို့ စစ်ကောင်စီအရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တာပါ။

လက်ရှိမှာ AA က စစ်တွေမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို အဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး အမြင့်ကျွန်း၊ ရေချမ်းပြင်၊ ကံ့ကော်ကျွန်းဝန်းကျင်တွေမှာ မြေပြင်ထိုးစစ်တွေ ဆင်နွှဲနေတယ်လို့လည်း သိရပါတယ်။

“အောက်တိုဘာ ၂၂ ရက် နေ့မှာ ဒကစထဲကို ကျနော်တို့ဘက်က ပစ်ခတ်မှုကြောင့် သူတို့စစ်ကောင်စီဘက်က ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးတွေအပါအဝင် အရာရှိ ၆ ယောက်ထက်မနည်း ကျဆုံးသွားတာရှိတယ်။ နောက်ပြီးတော့ တခြားအဆင့် စစ် သည်တွေလည်း အများအပြား ကျဆုံးတာတွေ ရှိတယ်” လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အာရက္ခတိုင်းမ်စ်ကို ပြောကြားခဲ့ပါတယ်။

ရွှေမင်းဂံရေတပ်နဲ့ ငတောက်တက်ဝန်းကျင်တွေမှာလည်း နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ စစ်တွေမြို့နယ်အတွင်း စခန်း ၁၀ ခုထက်မနည်း လက်လွှတ်ရပြီး ငပြီကျွန်းကို အောက်တိုဘာ ၂၉ ရက်မှာ AA က အပြည့်အဝ ပြန်လည် ထိန်းချုပ်လိုက်ပြီလို့ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။

Related posts

ရက္ခိုင်တွင် စစ်ရှုံးခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ၃ ဦးကို စကမ သေဒဏ်ပေး

Rakhita Times

ဂွနဲ့ သံတွဲမှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ငါးဖမ်းခွင့်ကို AA ကန့်သတ်

Rakhita Times

AA စခန်းတွေကို သိမ်းပိုက်ခံရခြင်းမရှိဘူးလို့ ဦးခိုင်သုခ ပြော

Rakhita Times

Leave a Comment