အာရက္ခတိုင်းမ်စ် (၇ နိုဝင်ဘာ ၂၀၂၆)
အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသအတွင်း တိုးဝင်ရောက်လာတာကြောင့် စစ်ကောင်စီတပ်က စစ်အင်အားတွေ ထပ်ဖြည့်တင်းနေရပြီး ထိုးစစ်ဆင်တဲ့ အနေအထားကနေ ခံစစ်ဆင်ရတဲ့ အနေအထား ရောက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ AA ပူးပေါင်းမဟာမိတ်တပ်တွေရဲ့ ထိုးစစ် စစ်ကြောင်းက လေးမျက်နှာမြို့နယ်၊ မြောက်စမ်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၃၄၄) အမြောက်တပ်ရင်း (အမတ-၃၄၄) အနီးအနားအထိ တိုးကပ် ရောက်ရှိလာနေပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
ရက္ခိုင်ပြည် တောင်ပိုင်း ဂွမြို့နယ်အတွင်း ဝင်ရောက်ဖို့ ပြင်ဆင်ခဲ့တဲ့ သာပေါင်းမြို့နယ်၊ ရွှေသောင်ယံအခြေစိုက် စစ်ကောင်စီရဲ့ တပ်မ (၆၆) ဟာ ရက္ခိုင်နယ်စပ်ကို မတိုးနိုင်သေးဘဲ ငဝန် (ပုသိမ်) မြစ် အနောက်ဘက်ခြမ်း စက်ဒေါင့်ကြီးဆိပ်ကမ်းမှာ အခြေပြုထားတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေလည်း ရှေ့ကို မတိုးနိုင်တော့ဘဲ မြစ်ကြောင်းတလျှောက် တပ်ဖြန့်ပြီး ခံစစ်ပြင်ထားရတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ AA ဦးဆောင်တဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ရေကြည်၊ လေးမျက်နှာ၊ သာပေါင်း စတဲ့ မြို့နယ်တွေမှာ ၂၀၂၅ ကတည်းက စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်က စပြီးလေးမျက်နှာမြို့နယ်မှာ AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို ပြန်သိမ်းဖို့ ထိုးစစ်ဆင်နေပေမယ့် လက်ရှိအချိန်ထိ ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။
