အာရက္ခတိုင်းမ်စ် (၃ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းတွေနဲ့ ကျေးရွာတွေကို စစ်ကောင်စီက အောက်တိုဘာလဆန်းပိုင်းကစပြီး ဂျက်ဖိုက်တာ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
AAPP က ပုဏ္ဏားကျွန်းမြို့နယ်ရဲ့ ဗုံးကြဲမှုတွေကို စစ်ကိုင်းတိုင်း ဒီပဲယင်းနဲ့ ရွှေဘိုမြို့နယ်တွေ၊ မကွေးတိုင်း ရေစကြိုမြို့နယ်က အင်တာနက်ဆိုင်တွေကို တိုက်ခိုက်ခဲ့တာတွေနဲ့အတူ ဖော်ပြထားပါတယ်။
AAPP ရဲ့ ထုတ်ပြန်ချက်အရ ဒီတိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပြီး နေအိမ်တွေနဲ့ သာသနာ့အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
AAPP က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂ ရက်အထိ စစ်ကောင်စီနဲ့ သူ့ရဲ့ ထောက်ခံသူတွေကြောင့် သေဆုံးခဲ့တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၈,၆၃၃ ဦး ရှိပြီဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူ ၃၂,၂၅၉ ဦးအနက် ထိန်းသိမ်းခံနေရဆဲလို့ အတည်ပြုနိုင်သူ ၁၅,၁၀၅ ဦးနဲ့ အတည်ပြုရန်လိုသူ ၇,၇၅၃ ဦး ရှိကြောင်း ထုတ်ပြန်ပါတယ်။
ဒီကိန်းဂဏန်းတွေက AAPP လက်လှမ်းမီသမျှ ကောက်ယူထားတာဖြစ်ပြီး မြေပြင်မှာ ပိုများနိုင်တယ်လို့လည်း AAPP က ဆိုပါတယ်။
