အာရက္ခတိုင်းမ်စ် (၂၃ နိုဝင်ဘာ ၂၀၂၆)
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်မှာ အာရက္ခတပ်တော်ရဲ့ တန်ပြန်တိုက်စစ်ကြောင့် စစ်ကောင်စီတပ် အထိနာနေလို့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ မင်းတုန်းမြို့နယ်အတွင်း မြို့နယ်အနောက်ခြမ်းက ဂျို့ဝနဲ့ ငကုန်းကျေးရွာတစ်ဝိုက်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရတယ်။
စစ်ကောင်စီတပ်က အဲဒီကျေးရွာတွေအနီးကို တိုက်လေယာဉ်တွေအပြင် ဂျိုင်ရိုကော်ပတာ (Gyrocopter) တွေကိုပါ သုံးပြီး ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
အဆိုပါ ဗုံးကြဲမှုကြောင့် ဒေသခံပြည်သူတွေနဲ့ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ သိရပါတယ်။
မင်းတုန်းမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) ရဲ့ တန်ပြန်စစ်ဆင်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်လျက်ရှိပြီး ဒီအခြေအနေမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို အဓိက အားပြု သုံးလာတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
လေကြောင်း တိုက်ခိုက်ခံခဲ့ရတဲ့ ဂျို့ဝကျေးရွာက မင်းတုန်းမြို့ရဲ့ အနောက်တောင်ဘက်မှာ တည်ရှိပြီး ငကုန်းကျေးရွာကတော့ ရက္ခိုင်ရိုးမတောင်ခြေမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။
