HealthNewsPolitic

ပုဏ္ဏားကျွန်း တိုက်ပွဲရှောင်တွေ ဝမ်းပျက်ဝမ်းလျှောနှင့် ယားနာရောဂါများ ပြန်လည်ဖြစ်ပွားလာ

ပုဏ္ဏားကျွန်း တိုက်ပွဲရှောင်တွေ ဝမ်းပျက်ဝမ်းလျှောနှင့် ယားနာရောဂါများ ပြန်လည်ဖြစ်ပွားလာ

အာရက္ခတိုင်းမ်စ် (၁၄ နိုဝင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ တိုက်ပွဲရှောင်စခန်းတွေက တိုက်ပွဲရှောင်တွေ ဝမ်းပျက်ဝမ်းလျှောရောဂါ ပြန်ဖြစ်နေကြတယ်လို့ သိရပါတယ်။

သောက်သုံးရေ အလုံအလောက် မရတာ၊ ရေမသန့်ရှင်းတာနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းတာတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လမှာလည်း တိုက်ပွဲရှောင် ၂၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပါသေးတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ တိုက်ပွဲရှောင်စခန်း ၅ ခုရှိပြီးတော့ အဲဒီစခန်းတွေအားလုံးမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ယားနာရောဂါတွေ ဖြစ်နေတာလို့ သိရပါတယ်။

ပရဟိတအဖွဲ့တွေနဲ့ တခြားအဖွဲ့အစည်းတွေက ဆေးခန်းတွေကို ဖွင့်လှစ်တာတွေ ရှိပေမယ့်လည်း လက်လှမ်းမမှီတဲ့နေရာတွေလည်း ရှိနေတယ်လို့ ပုဏ္ဏားကျွန်း လူငယ်အစည်းအရုံးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“ရေမသန့်တာကလည်း ဖြစ်တယ်။ နောက်ပြီးတော့ အဲဒီပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကြောင့် ဖြစ်တယ်လို့ ထင်တယ်။ ရေကကျတော့ နီးစပ်ရာ ကန်တွေက ခပ်ပြီးတော့ သုံးနေရတာဆိုတော့ လူဦးရေများတော့ ပိုဖြစ်တာပေါ့ ယားနာတွေက။ အရင်တုန်းက တစ်ခေါက်တုန်းက ဖြစ်သေးတယ်။ အခုကတော့ စပြီးတော့ ပြန်ဖြစ်လာတယ်။ စစ်ဘေးရှောင်တွေက အဲဒီလိုမျိုး ဖြစ်လာကြတယ်။ သူတို့နေရတဲ့ စခန်းတွေကျတော့ ရေမသန့်ရှင်းမှုကြောင့်လည်း ပါတယ်လို့ ထင်တယ်။ ကူးစက်တတ်တဲ့ ရောဂါဆိုလို့ရှိရင် စစ်ရှောင်တွေတချို့က ယားနာတွေ ဖြစ်များကြတယ်။ အဲဒါ စခန်းတိုင်းလိုလိုမှာ တွေ့နေရတယ်။ ယားနာက အခြေအနေ ဆိုးရွားတာတွေ တွေ့နေရတယ်။ သူတို့ အဲဒီလို ဖြစ်နေပြီဆိုလို့ရှိရင် ဆေးဝါးတွေလည်း မကုဘူး။ ပိုက်ဆံကလည်း မရှိဘူးဆိုတော့” လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တွေ၊ ရသေ့တောင်၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းက တိုက်ပွဲရှောင် ၆ သောင်းကျော် ရှိပြီးတော့ လူကြီး၊ လူငယ်အပါအဝင် အယောက် ၁၀၀ ကျော်ကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရတယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းက တိုက်ပွဲရှောင်တွေဟာ တိုက်ပွဲရှောင်နေရတာ ၈ လကျော် ရှိနေပြီဖြစ်ပြီးတော့ နေထိုင်စရာ အမိုးအကာ၊ အိမ်သာတွေ လိုအပ်ချက်ရှိနေသလို ဆေးဝါတွေလည်း လိုအပ်ချက်တွေရှိနေတယ်လို့ စစ်ရှောင်ကူညီနေသူတွေထံကနေ သိရပါတယ်။

အခု ဆောင်းတွင်း ဝင်လာပြီဆိုတော့ အနွေးထည်တွေ၊ စောင်တွေဆိုရင် အဓိက လိုအပ်ချက် ဖြစ်လာနေတယ်လို့လည်း ပုဏ္ဏားကျွန်း လူငယ်အစည်းအရုံးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“ညီမတို့ဘက်က ဆေးခန်းတွေ ဖွင့်တာတွေ ရှိတယ်။ တခြားအဖွဲ့အစည်းတွေကနေ ဆေးခန်းသွားဖွင့်တာတွေ ရှိတယ်။ နောက်ထပ် လက်လှမ်းမမှီတဲ့နေရာတွေလည်း ရှိတယ်။ သူတို့က လိုအပ်နေတာကျတော့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြတယ်။ ပြီးတော့ ဆေးဝါးတွေကလည်း မရှိဘူး။ ဆေးဝါးတွေလည်း လိုအပ်နေတယ်။ ဆောင်းတွင်း ဝင်လာပြီဆိုတဲ့အခါကျတော့ အနွေးထည်တွေ၊ စောင်တွေကျတော့ အဓိက လိုအပ်နေတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးသူငယ်တွေအပြင် သက်ကြီးရွယ်အိုတွေအတွက် ကာကွယ်ဆေး၊ အားဆေးနဲ့ ဆေးဝါးပစ္စည်းတွေလည်း လိုအပ်နေတဲ့ အခြေအနေလို့ သိရပါတယ်။

လက်ရှိမှာ ဒေသတွင်း ပရဟိတအသင်းတွေနဲ့ စစ်ရှောင်အရေး ကူညီနေတဲ့သူတွေကပဲ ဦးဆောင်ဦးရွက်ပြုပြီး စစ်ရှောင်တွေအတွက် အလှူခံပေးတာမျိုး လုပ်ဆောင်နေရတာဖြစ်ပြီး စစ်ရှောင်အတွက် သီးသန့်ကူညီပေးနေတဲ့ အဖွဲ့အစည်းမျိုး မရှိတဲ့အတွက် အကူအညီတွေ အမြောက်အများလိုအပ်နေတယ်လို့ သိရှိရပါတယ်။

Related posts

စစ်ပွဲကြားက ပေါင်းကူးပေးနေသော လူသားများ

Rakhita Times

ကျောက်ဖြူနဲ့ အမ်းကို သိမ်းနိုင်ရင် တရုတ်နိုင်ငံနဲ့ တိုက်ရိုက်ဆွေးနွေးလို့ ရပြီ

Rakhita Times

စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အမ်းတွင် ဒေသခံပြည်သူ ၂၀ ခန့် သေဆုံး

Rakhita Times

Leave a Comment