NewsPolitic

လားရှိုးကို ပြန်အပ်စေချင်ရင် ကိုးကန့်အတွက် ထိုက်တန်တဲ့ အပေးအယူရှိဖို့လို

လားရှိုးကို ပြန်အပ်စေချင်ရင် ကိုးကန့်အတွက် ထိုက်တန်တဲ့ အပေးအယူရှိဖို့လို

အာရက္ခတိုင်းမ်စ် (၂၀ နိုဝင်ဘာ ၂၀၂၄ ခုနှစ်)

စစ်ကောင်စီအနေနဲ့ ကိုးကန့်တပ်တို့ သိမ်းပိုက်ထားတဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ပြန်လည် အပ်နှံစေလိုပါက စစ်ကောင်စီဘက်မှ ထိုက်တန်တဲ့ အပေးအယူရှိဖို့လိုတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လားရှိုးမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ကိုးကန့်တပ်တွေဟာ အနာခံ၊ အသေခံ တိုက်ပွဲဝင်ထားရတာဖြစ်တဲ့ အတွက် စစ်ကောင်စီဘက်က အပေးအယူလုပ်တဲ့အခါမှာ ထိုက်တန်တဲ့ အပေးအယူမဟုတ်ပါက လားရှိုးမြို့ကို ပြန်ပေးနိုင်ဖွယ်မရှိဘူးလို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်ပါတယ်။

“အပေးအယူတည့်ရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ထိုက်ထိုက်တန်တန်တော့ ရှိရမှာပေါ့။ သူတို့ ဒုက္ခခံ ပြီးတော့ ယူထားတော့ ပြန်ပြီးတော့ အပ်မယ်ဆိုရင်လည်း ထိုက်ထိုက်တန်တန်ပေါ့လေ။ ဘာလဲတော့ မသိဘူး လေ။ ဒီတိုင်းကြီး ဗလာကြီး ရှောခနဲ ပြန်ယူတော့ဗျာ ဆိုပြီးတော့လည်း မဟုတ်ဘူးပေါ့။ ထိုက်ထိုက်တန်တန် ဆိုတာ အဓိပ္ပါယ် တစ်ပုံကြီးရှိတယ်။ အဲဒါတော့ ကျနော်မသိဘူး။ ဥပမာ ကိုးကန့်ပြည်နယ်ကို အဓိက ပြုတာလား။ ကိုးကန့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အဆင့်အတန်းမြှင့်ပြီးတော့ ပြည်နယ်အဆင့် ပေးအပ်တာလား။ ကိုးကန့်ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို မြှင့်ပေးသလား။ ထိုက်ထိုက်တန်တန် အလျော်အစားတော့ ရှိမယ်ထင်တယ်။ အဲဒီလို ထိုက်ထိုက်တန်တန် မဟုတ်ဘူးဆိုလည်း သူတို့လည်း အနာခံ အသေခံပြီးတော့ ယူထားတာ။ ရိုးရိုးလေးတော့ မပေးဘူးနဲ့ တူပါတယ်။ ထိုက်ထိုက်တန်တန် အပေးအယူတစ်ခုတော့ အလဲအလှယ် လုပ်ရမယ် ထင်ပါတယ်” လို့ သူက ပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့မှာ ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အမှန်ဖြစ်ကြောင်း အတည်ပြုကြသလို အမှားဖြစ်ကြောင်း ငြင်းဆိုနေတာတွေလည်း ရှိနေတာပါ။

ဖုန်တာရွှင်ဟာ တရုတ်အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံရန် အောက်တိုဘာလက တရုတ်နိုင်ငံ ယူနန်ပြည်ကို ရောက်ရှိခဲ့ပြီးနောက် လားရှိုးကနေ ပြန်လည်ဆုတ်ခွာဖို့ ငြင်းဆန်နေတဲ့အတွက်ကြောင့် ပြန်မလွှတ်ဘဲ အခုလို ထိန်းသိမ်းထားတာဖြစ်တယ်လို့လည်း ထွက်ပေါ်နေတဲ့ သတင်းတွေအရ သိရပါတယ်။

တရုတ်ဘက်က လားရှိုးကို စစ်ကောင်စီထံ ပြန်ပေးဖို့ ကိုးကန့်တပ်တွေအပေါ်မှာ ဖိအားပေးမှုတွေ ရှိသလို စစ်ကောင်စီဘက်မှလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း လာရောက် ပြုလုပ်လျက် ရှိပါတယ်။

လေကြောင်းနဲ့ ဗုံးတစ်ခါကြဲတာရဲ့ ကုန်ကျမှုပမာဏဟာ များလွန်းတာကြောင့် စစ်ကောင်စီဘက်မှ မကြာခဏ မကြဲနိုင်သလို လားရှိုးမြို့မှာလည်း ကိုးကန့်တပ်တွေဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း စတင်နေပြီ ဖြစ်တယ်လို့ တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“လားရှိုးမှာ CDM လုပ်ထားတဲ့ ဆရာဝန်တွေ ဘာတွေနဲ့၊ ဆေးရုံတွေ ‌ဆေးခန်းတွေ ပြန်ဖွင့်နေတယ်လို့ ကြားတယ်။ လားရှိုးကို သူကြဲတာလည်း တော်တော် အခြေအနေဆိုးဆိုး ကြဲတယ်။ ဗုံးတစ်လုံးကို ပေးရတဲ့ ဒေါ်လာက နည်းတာမဟုတ်ဘူးလေ။ သူတို့ ဘယ်လောက် လုပ်နိုင်မှာလဲ။ ပြီးတော့လည်း သူတို့မှာက အခု စစ်ကောင်စီရဲ့ အဖြစ်က သေနင်္ဂဗျူဟာ တစ်နိုင်ငံလုံးကို ခြုံပြီး ကြည့်တဲ့ဗျူဟာ မရှိဘူး။ ဟိုနေရာလေးတွေ့ ဟိုနေရာလေးဗုံးကြဲ။ ပြည်တွင်းမှာဆိုရင်တော့ သူက ဗုံးကြဲလို့ရတယ်။ နယ်စပ်တလျှောက်မှာဆိုရင်တော့ သူတော်တော်ခက်တယ်။ ဆိုတော့ အဲဒီဒေသတွေမှာ အခြေခံဒေသတွေ များများနဲ့ မြန်မြန် တည်ဆောက်ဖို့ လိုတာပေါ့။ ကျန်တဲ့ တော်လှန်ရေးအဖွဲ့တွေကလည်း အရေးအကြောင်းရှိရင် ပြေးလာလို့ရတာပေါ့” လို့ သူက ပြောပါတယ်။

ကိုးကန့်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးအပြင် တရုတ်-မြန်မာ နယ်စပ်အတွက် အရေးပါတဲ့ ကုန်သွယ်ရေးဂိတ်တွေရှိရာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်ကြမ်း၊ မုံးကိုးမြို့တွေ အပါအဝင် မြို့ပေါင်း ၉ မြို့ကို သိမ်းပိုက်ထားတာပါ။

Related posts

ဧရာဝတီတိုင်းကို AA ထိုးစစ်ဆင်လာနိုင်၍ အမြောက်တပ်စခန်းအခိုင်အမာ တည်ဆောက်နေ

Rakhita Times

အမ်းဒေသခံ လေးထောင်ကျော်ကို အာရက္ခတပ်တော်က စောင့်ရှောက်ထား

Rakhita Times

စစ်တွေမှာ လူမရှိတဲ့နေအိမ်တွေ နေ့စဥ်ဖောက်ထွင်းခံနေရ

Rakhita Times

Leave a Comment