အာရက္ခတိုင်းမ်စ် (၂၅ နိုဝင်ဘာ ၂၀၂၄)
ရက္ခိုင်ပြည် သံတွဲမြို့ကို မနေ့က (၂၄ နိုဝင်ဘာ ၂၀၂၄) နေ့လည်ပိုင်းက စစ်ကောင်စီမှ လေယဉ်နဲ့ ဗုံးလာကြဲတာကြောင့် အသက် ၁၆ နှစ်အရွယ် လူမမယ်တစ်ဦး နဲ့ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
“ သစ်ငုတ်တိုရွာကို မရိုးဘေးကနေ စစ်ရှောင်လာတဲ့ မိသားစုတွေထဲက လူမမယ်တစ်ဦးကတော့ ပွဲချင်းပြီး သေသွားတယ်၊ မမတစ်ယောက်နဲ့ ဦးလေး နှစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်” လို့ သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ လေယဉ် နဲ့ ဗုံးကြဲမှုမှာ သံတွဲမြို့ သစ်ငုတ်တိုကျေးရွာကို ဗုံးတစ်လုံးကျပြီး နေအိမ်အချို့လည်း ပျက်စီးသွားကြောင်း သိရပါတယ်။
“ လေယဉ်က နေ့တိုင်းလို လာတယ်၊ လူတွေလည်း အဲဒီစိတ်နဲ့ အိမ်မပျော်၊ စားမဝင်ဖြစ်နေကြတယ်၊ အခုဆိုရင် ရိုးရိုးဗုံးခိုကျင်းတောင် မဟုတ်တော့ဘူး။ မိသားစုလိုက် အိပ်ပြီးနေလို့ရတဲ့ ဗုံးခိုကျင်းတွေကို တူးပြီးနေနေရတယ်” သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အလားတူ စစ်ကောင်စီက သံတွဲမြို့ကို စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းက ဒွါရာဝတီမြို့တော်ခန်းမ နဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို လေယာဥ်နဲ့ ဗုံးကျဲမှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။
အောက်တိုဘာလ ၂၄ရက် မနက် ၄နာရီကျော်ကလည်း စစ်ကောင်စီရဲ့ လေယာဥ်မှ ဗုံးကျဲမှုကြောင့် သံတွဲမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး နဲ့ စစ်သားစုဆောင်းရေးရုံးတို့လည်း ပျက်စီးခဲ့သလို မနေ့က (နိုဝင်ဘာ ၁၀) မနက် ၃ နာရီခန့်က စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကြဲသဖြင့် ၃ နေရာပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးကြောင်း သိရပါတယ်။
သံတွဲမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့ကတည်းက အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မကြာခဏဆိုသလို လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။