အာရက္ခတိုင်းမ်စ် (၂၃ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်၊ သံတွဲခရိုင်ရှိ ငပလီကမ်းခြေတွင် ကလေးငယ်တွေအတွက် အခမဲ့ အင်္ဂလိပ်စာသင်တန်းကျောင်း တည်ထောင်ထားတဲ့ ဗြိတိန်နိုင်ငံသူ ဆူဇန် အက်စ်တာ့ခ်ဟာ MBE ဆုချီးမြှင့်ခံရတယ်လို့ The Vera Thomson English School ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ MBE ဆုဟာ လူမှုအကျိုးပြုလုပ်ငန်းကို ပြောင်မြောက်အောင် လုပ်ဆောင်တဲ့ အရပ်သားတွေကို ချားလ်စ်ဘုရင်က ချီးမြှင့်တဲ့ဆုဖြစ်ပြီး ချားလ်စ်ဘုရင်ကိုယ်စား အန်း မင်းသမီးက ဒီဇင်ဘာလ ပထမပတ်အတွင်း လန်ဒန်မြို့ရှိ ဘက်ကင်ဟမ်နန်းတော်မှာ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ကျောင်းရဲ့ ဘုတ်အဖွဲဝင် ဥက္ကဌတဦးဖြစ်တဲ့ ဦးဘုန်းကျော်မိုးမြင့်ကလည်း ဆုရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူကြောင်းကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အခုလို ရေးသားခဲ့ပါတယ်။
“သူမ၏ MBE ဆုရရှိခြင်းသည် သူမတဦးတည်းအတွက်သာမက ကျောင်းနှင့် ပတ်သက်သူအားလုံးအတွက် စုပေါင်းအောင်မြင်မှုတစ်ရပ်ဖြစ်ပါသည်။ ထိုအတွက် Trustee များ၊ စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များ၊ မိဘများနှင့် အထူးသဖြင့် ဆရာ၊ ဆရာမများအားလုံးကို လေးနက်စွာ ကျေးဇူးတင်ပါသည်။ ကျောင်းသား ၁၀ ဦးသာရှိသော သစ်သားအိမ်လေးမှ စတင်ခဲ့သည့် သူမ၏ အမြင်၊ စိတ်ဓာတ်နှင့် လူသားချင်းစာနာမှုတို့ကြောင့် လူများစွာ၏ ဘဝများ ပြောင်းလဲနိုင်ခဲ့ပါသည်။ Mum Sue၊ အတွက် ကျွန်ုပ် အလွန်ဝမ်းမြောက်ဂုဏ်ယူပါသည်။ Vera Thomson English School ၏ အိမ်မက်များနှင့် ရည်မှန်းချက်များသည် အနာဂတ် မျိုးဆက်များစွာထိ ဆက်လက်အောင်မြင်ပါစေ” လို့ ဆိုပါတယ်။
The Vera Thomson English Schoolကို ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်တည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးကျောင်းသား၊ ကျောင်းသူ ၁၄,၀၀၀ ကျော်အား အခမဲ့ပညာရေး ပံ့ပိုးပေးနိုင်ခဲ့သလို ပညာရေးသာမက ငပလီနဲ့ သံတွဲဒေသရှိ အားနည်းချို့တဲ့သော မိသားစုများအတွက် ကျန်းမာရေးနဲ့ လူမှုဖူလုံရေးအထောက်အပံ့များကိုပါ ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တိုရဲ့တိုက်ပွဲတွေကြောင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမများ ဘေးကင်းလုံခြုံစေဖို့အတွက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တည်းကစတင်ပြီး ယနေ့အထိ အဆိုပါကျောင်းကို ယာယီပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

1 comment
dexamethasone online pharmacy https://healthsignalpro.com/journal/gabapentin-history-and-approval/ rx crossroads pharmacy phone number