NewsPolitic

ရက္ခိုင်အရေး လက်ထဲမှာ ဖဲချပ်များတာက တရုတ်ပဲ

အာရက္ခတိုင်းမ်စ် (၂၅ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်အရေးနဲ့ ပတ်သက်ပြီး အခြားသော နိုင်ငံတွေထက် တရုတ်နိုင်ငံလက်ထဲမှာ ဖဲချပ်တွေ များတယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်မှာလည်း ရက္ခိုင်ပြည်က စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကို ရပ်တန့်အောင် ဂျပန်အစိုးရ အထူးကိုယ်စားလှယ် တာဝန် အပြင် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မစ္စတာဆာဆာကာဝါဟာ အဓိက ကြားဝင်ညှိနှိုင်း ပေးခဲ့သူ ဖြစ်ပါတယ်။

သူဟာ  စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံကို လာရောက်ချိန် စစ်ကော်မရှင်ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့သလို အာရက္ခတပ်တော် (AA) ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။

အဲဒီနောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ရက္ခိုင်ပြည်မှာ တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဟာ ဒီကနေ့အချိန်အထိ ဖြစ်ပြီး မစ္စတာဆာဆာကာဝါအနေနဲ့ ရက္ခိုင်အရေးမှာ ကြားဝင်ပေးတာမျိုးကို မတွေ့ရတော့ပါဘူး။

လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းအရ တခြားနိုင်ငံတွေထက် တရုတ်နိုင်ငံမှာပဲ အခွင့်အရေး ပိုရှိနေတယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဒါကတော့ အဲဒီနိုင်ငံတွေက အနည်းနဲ့အများ ဝင်နိုင်တာပါပဲ။ ဂျပန်လည်း ဝင်နိုင်တယ်၊ ထိုင်းလည်း ဝင်နိုင်တယ်။ တခြားနိုင်ငံတွေကလည်း ဝင်နိုင်တာပဲလေ။ ဒါပေမယ့် ကျမ ကြည့်တယ်။ အားလုံးထဲမှာ ပိုပြီးတော့ အခွင့်အရေးရှိတာက သို့မဟုတ် လက်ထဲမှာ ဖဲချပ်များတာက တရုတ်ပဲ။ အဲဒီတော့ တရုတ်ကပဲ ဝင်ပြီးတော့ လုပ်ဆောင်နေမယ် ထင်တယ်။ အထူးသဖြင့် ကိုယ့်တိုင်းပြည်မှာ အဲဒီလို တစုတစည်းတည်း မဖြစ်ဘဲ အဲဒီလို တကွဲတပြား ဖြစ်နေသရွေ့ နိုင်ငံကြီးတွေရဲ့ ဝင်ရောက်စွက်ဖက်တာ၊ ဝင်ရောက်ပါဝင်တာ ခံရမှာပဲ” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ တရုတ်နဲ့ အာရက္ခတပ်တော်ဘက်က ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် ထိပ်သီးပိုင်း ခေါင်းဆောင် ၃ ဦးတို့ တရုတ်ပြည်မှာ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် ရက္ခိုင်ပြည်မှာ ကျန်တဲ့ ၃ မြို့ကို အာရက္ခတပ်တော်ဘက်က မသိမ်းပိုက်သေးတာဟာ တရုတ်က မသိမ်းခိုင်းတာကြောင့် ဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ယူဆထားကြတာပါ။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေဟာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြစ်ဆုံဆည်၊ မိုးပျံရထားလမ်း၊ ကန်ပိုက်တီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်- မန္တလေး ကုန်သွယ်ရေး လမ်း၊ ရထားလမ်း၊ ရွှေလီ-မန္တလေး-ကျောက်ဖြူ အမြန်လမ်း စသဖြင့် အများအပြား ရှိနေပါတယ်။

Related posts

ကျောက်ဖြူကို စစ်ကောင်စီက အဝင်အထွက် တင်းကျပ်ပြီး ကန့်သတ်လာ

Rakhita Times

စကမရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၄ နှစ်အရွယ် ပရဟိတ လူငယ်တစ်ဦး သေဆုံး

Rakhita Times

စစ်တွေဆိပ်ကမ်းမှာ ကုန်တင်/ကုန်ချကို စစ်တွေမှတ်ပုံတင်ရှိသူပဲ လုပ်ကိုင်ခွင့်ရ

Rakhita Times

Leave a Comment