အာရက္ခတိုင်းမ်စ် (၁၇ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်က စစ်ဘေးရှောင် ပြည်သူတွေအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စစ်ရှောင်ကော်မတီက စက်တင်ဘာလ ၁၆ ရက်မှာ တစ်လစာ အခြေခံ စားနပ်ရိက္ခာတွေ သွားရောက် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ထောက်ပံ့မှုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စစ်ရှောင်ကော်မတီက ဦးဆောင်ပြီးတော့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး ( HDCO)၊ ပါတီမြို့နယ်ရုံး၊ မြိုအုပ်အုပ်ချုပ်ရေးရုံးတို့ ပူးပေါင်းပြီးတော့ ထောက်ပံ့ ကူညီခဲ့တာလို့ သိရပါတယ်။
ထောက်ပံ့ပေးခဲ့တဲ့ နေရာတွေကတော့ ကျောက်တော်မြို့နယ်ရှိ ချင်းမဝန်ထောင်၊ ပညာဝ၊ ခရုမော်ပတ်၊ ဒေးဝန်း၊ ပီကောက်ဝက် စတဲ့ ကျေးရွာတွေက စစ်ရှောင်အိမ်ထော်စု ၂၄ စုက လူဦးရေ ၈၇ ဦးကို ထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။
စားနပ်ရိက္ခာအဖြစ် လူတစ်ဦးကို တစ်ရက်လျင် ဆန် ၂ ဘူးကျနဲ့ တစ်လစာ၊ ဆီ တစ်လီတာနဲ့ ဆား တစ်ပိဿာကို ပေးခဲ့တာလို့လည်း သိရပါတယ်။
အလားတူ စက်တင်ဘာလ ၁၅ ရက်ကလည်း မြောက်ဦးခရိုင်ထဲက စစ်ဘေးရှောင် ပြည်သူ လူဦးရေ ၃၁၀ ဦးကို တစ်လစာ စာနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ပါတယ်။
အခုလို ရိက္ခာတွေ ထောက်ပံ့ပေးရတာဟာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေ့စဉ် စားဝတ်နေရေး အခက်အခဲကို တစ်စိတ်တစ်ပိုင်း ကူညီ ဖြေရှင်းပေးချင်လို့ ဖြစ်ပြီး၊ ရက္ခိုင်ပြည်ထဲက အခြားမြို့နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင်တွေကိုလည်း ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ စစ်ရှောင်ကော်မတီဆီကနေ သိရပါတယ်။
Photo – APM
