အာရက္ခတိုင်းမ်စ် (၁၆ မတ် ၂၀၂၆)
မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
“ AA နဲ့ မဟာမိတ်တပ်တွေက မတ်လ ၄ ရက်မှာ ဗိုလ်မှူးအဆင့်ဦးစီးတဲ့ ကြက်ခြံကုန်းကာကင်းစခန်းကို သိမ်းလိုက်ပြီလေ။ နတ်ရေကန်ဗျူဟာကုန်းပဲ ကျန်တော့တယ်။ နတ်ရေကန်ကလည်း စကမတွေအတွက် အရေးကြီးတဲ့ ခံစစ်စခန်းတခု ဖြစ်တယ်။ ဘာလို့ဆို အဲစခန်းကျရင် မကွေးတိုင်းထဲက ကပစ စက်ရုံတွေ ကျတော့မှာလေ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
နတ်ရေကန်ဗျူဟာကုန်းနဲ့ ၁ မိုင်အကွာမှာရှိတဲ့ MPT တာဝါတိုင်စခန်းကုန်းနဲ့ တောင်ပေါ်ရှိ နတ်ရေကန် ရေဒါစခန်းကုန်းမကြီးကိုလည်း အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ၂၀၂၅ ခုနှစ် အောက်တိုဘာလလ အတွင်းတွင် သိမ်းပိုက် ရရှိခဲ့ပါတယ်။
နတ်ရေကန်တောင်ပေါ် ဗျူဟာကုန်း မကျစေရေးအတွက် စစ်ကော်မရှင်က လေကြောင်းပစ်ကူခြင်းနဲ့ ပဒါန်းမြို့အနီးရှိ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) ကနေ လက်နက်ကြီးပစ်ကူများ ပြုလုပ်ပေးပြီး ပြင်းပြင်းထန်ထန် ခုခံနေတယ်လို့လည်း သိရပါတယ်။
အလားတူ နတ်ရေကန်ဗျူဟာကုန်း မကျစေရေးအတွက် စစ်ကူနဲ့ လက်နက်ခဲယမ်းများကို ပဇီရွာနဲ့ ဂုတ်ကြီးရွာဘက်ကနေ ပို့ဆောင်ပေးနေပေမယ့် အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကျအဆုံးများကာ ရှေ့တို့းမရဘဲ နောက်ပြန်ဆုတ်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
“ အခု သိရသလောက်တော့ AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ပင်မဗျုဟာကုန်းကို လက်နက်ကြီးတွေ ဒရုန်းတွေ အများအပြား အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်” သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
ရက္ခိုင် – မကွေးအစပ်ရှိ အမ်း – ပဒါန်းလမ်းပိုင်းက မထုံး၊ လင်းတဲ၊ စွန်တက် ၊ ဂုတ်စည်း ၊ ကံမြင့်ကန်၊ ဂုတ်ကြီး၊ ကြက်ရေစမ်း၊ ပိန်ရေစမ်းနဲ့ ပဇီကျေးရွာတွေကိုလည်း အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်၊ ချင်းကာကွယ်ရေးတပ်၊ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်း အခြေစိုက် PDF တပ်ရင်းများ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA (မကွေး) တပ်များ ပူးပေါင်းပြီး ထိုးစစ်ဆင်နေတာလို့လည်း သိရပါတယ်။
