အာရက္ခတိုင်းမ်စ် (၄ မေ ၂၀၂၆)
ရက္ခိုင်ပြည်ရဲ့ ဝင်ပေါက် ထွက်ပေါက်တခုဖြစ်တဲ့ မကွေးတိုင်း ဂန့်ဂေါ်ခရိုင် ဆောမြို့နယ်က ကံကြီးကျေးရွာတွင် စစ်ကော်မရှင်က စစ်အင်အားတွေ အများအပြား ဖြည့်တင်ပြီး အထိုင်ချထားလို့ ရက္ခိုင်ကုန်သည်တွေနဲ့ ရက္ခိုင်ခရီးသွားပြည်သူတွေ အထူးသတိထားရန် လိုအပ်တယ်လို့ သိရပါတယ်။
ဧပြီလ ၂၆ ရက်က စစ်ကော်မရှင်တပ်သားအင်အား ၅၀၀ ခန့်ပါတဲ့ ယာဉ်တန်းဟာ ပြင်ဦးလွင်ကနေ မိတ္ထီလာ၊ ကျောက်ပန်းတောင်း ကတဆင့် ဆိပ်ဖြူ-ပေါက်လမ်း ဆယ်မိုင်လမ်းဆုံကို ရောက်ရှိနေပြီးတော့ ယခုအခါ ဆောမြို့နယ်ကို စစ်အင်အား တချို့တဝက် ရောက်ရှိနေပြီလို့ သိရပါတယ်။
“ ကျောက်ထုမြို့ အမှတ် (၃၆၈) အမြောက်တပ်ထဲကို စစ်အင်အားရော၊ လက်နက်ခဲယမ်းပါ ဖြည့်တင်းထားပြီ။ အမြောက်တပ်ကနေတဆင့် ကံကြီးဖက်မှာ အထိုင်ချ တပ်ဖြန့်ထားတယ်။ မြေပြင်ရှင်းလင်းအနေနဲ့ ဒရုန်းတွေနဲ့ရော လေယာဉ်နဲ့ရော ဗုံးတွေလည်း ကြဲတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဧပြီလ ၃၀ ရက်မှာလည်း မင်းတပ်နဲ့ ကျောက်ထုအစပ် နေရာတွေကို ဂျက်ဖိုက်တာ ၅ စီးနဲ့ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
“ ကံကြီးကျေးရွာ စာသင်ကျောင်းနဲ့ ကျောင်းအနောက်ဘက် ကုန်းတွေပေါ်မှာ ကတုတ်ကျင်းများတူးကာ အခိုင်အမာ ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိနေပါတယ်။ ထို့ပြင် အဆိုပါ တပ်စခန်းချနေကြသော စကစ တပ်သားတွေဟာ ကံကြီးကျေးရွာ တံတားထိပ်နားတွေနဲ့ ပြင်လယ်ကျေးရွာအနီးတဝိုက်အထိ ကင်းပုန်းဝပ်ခြင်း၊ ကင်းလှည့်ခြင်းများကိုလည်း လုပ်ဆောင်နေပါတယ်” ယောအလင်းတန်းက ဆိုပါတယ်။
လက်ရှိမှာ ကျောက်ထုအမြောက်တပ်ထဲကို လက်နက်ခဲယမ်းတွေ ထပ်မံရောက်ရှိနေတာကြောင့် အနီးနား ပတ်ဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လာနိုင်တဲ့အပြင်၊ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်ရှိနေနိုင်တာကြောင့် ယောနယ်နဲ့ ချင်းပြည်တောင်ပိုင်းက မိဘပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို နေ့ရောညပါ အထူးသတိထားနေထိုင်ကြဖို့ ယောအလင်းတန်းက တိုက်တွန်း နှိုးဆော်ထားပါတယ်။
