အာရက္ခတိုင်းမ်စ် (၁၆ မေ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တော်မော်ဦး ရေတပ်စခန်းအနီးမှာ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ကျေးရွာ ၁၃ ရွာကျော်က ဒေသခံတွေ အိုးအိမ်စွန့်ခွာပြီး တိုက်ပွဲရှောင်နေရတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေထံကနေ သိရပါတယ်။
အဲဒီ တောင်မော်ဦး ရေတပ်စခန်းအနီးအနားက ကျေးရွာတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဓညဝတီ ရေတပ်စခန်းဌာနချုပ်အနီး ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ပထမအကြိမ် တိုက်ပွဲရှောင်ခဲ့ကြရပြီး လက်ရှိမှာတော့ ဒုတိယအကြိမ် တိုက်ပွဲရှောင်နေရတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲနဲ့နီးတဲ့ ကျေးရွာ ၁၃ ရွာခန့်က ပြည်သူတွေကို ကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေက ကယ်ဆယ်ပြီးပြီ ဆိုပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေတဲ့ ဒေသခံတွေလည်း ရှိနေပါတယ်။
ကူညီကယ်ဆယ်ထားတဲ့ ဒေသခံတွေကို အသင်းအဖွဲ့တွေက တတ်နိုင်သမျှ လူအားရော၊ ငွေအားရော ဆောင်ရွက်ပေးနေတာရှိပေမယ့် လုံလောက်တဲ့ အနေအထားမှာ မရှိဘူးလို့ ဇင်ချောင်းလူငယ်ပရဟိတအသင်း ဥက္ကဌ ကိုနိုင်လင်းထွန်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အဓိက အဲဒီဘက်ခြမ်းမှာ ဓညဝတီ ရေတပ်စခန်းမှာ တိုက်ပွဲစဖြစ်ကတည်းက စစ်ရှောင်လာတဲ့သူတွေက အဲဒီဘက်ခြမ်းမှာ မိသားစုတွေနဲ့ ခိုကပ်ပြီး နေတဲ့ မိသားစုတွေ အများကြီးရှိတယ်။ အဲဒီထဲမှာ သူတို့က အရင်ကလည်း အခက်အခဲတွေနဲ့ စစ်ရှောင်နေရတယ်။ အခုလည်း တခါထပ်ပြီးတော့ စစ်ရှောင်နေရတယ်။ တပူကနေ နှစ်ပူဆင့်ပြီးတော့ အများကြီး အခက်အခဲတွေ ဖြစ်ကြတယ်ပေါ့။ အခုကလည်း စစ်ရေးကလည်း ပိုပြီး ပြင်းထန်လာနိုင်တဲ့ အခြေအနေမျိုးမှာ အဲဒီဘက်ခြမ်းမှာ ကျန်တဲ့ စစ်ရှောင်တွေလည်း တော်တော်များများ ကျန်သေးတယ်ပေါ့။ သူ့အခက်အခဲနဲ့သူ မထွက်နိုင်တာတို့၊ ကျနော်တို့ ကူညီကယ်ဆယ်ရေးအပိုင်းကလည်း လူအားရော၊ ငွေအားရော လိုက်မမီနိုင်တာလည်း တော်တော်ရှိတယ်” လို့ သူက ပြောပါတယ်။
စစ်ကော်မရှင်တပ်က တောင်မော်ဦး ရေတပ်စခန်းကနေ နယ်မြေတိုးချဲ့ပြီး ထိုးစစ်ဆင်လာတာကြောင့် အာရက္ခတပ်တော်နဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ သိုင်းချောင်း၊ တောင်မော်၊ မျှောချောင်း၊ ထိန်ဒွေ၊ ပြုံးပြဲ၊ အဝတောင် စတဲ့ ကျေးရွာပေါင်း ၁၃ ရွာကျော်က ဒေသခံ ၈၀၀၀ ခန့် အိုးအိမ်စွန့်ခွာပြီး တိုက်ပွဲရှောင်နေကြရတာ ဖြစ်ပါတယ်။
ထပ်တိုးလာတဲ့ တိုက်ပွဲရှောင်ဦးရေကြောင့် ကျောက်ဖြူမြို့နယ် အတိုင်းအတာအနေနဲ့ တိုက်ပွဲရှောင်ဦးရေ ၅၀၀၀၀ အထိ ရှိလာနေပြီး ရေရှည်မှာ အခက်အခဲတွေ အများကြီး ရှိလာနိုင်တယ်လို့ တိုက်ပွဲရှောင်အရေး ကူညီဆောင်ရွက်နေသူ ဇင်ချောင်းလူငယ်ပရဟိတအသင်း ဥက္ကဌ ကိုနိုင်လင်းထွန်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အဓိကကတော့ တိုက်ပွဲရှောင်တွေရဲ့ စားဝတ်နေရေးတွေ၊ နောက်ပြီးတော့ ထွက်လာတဲ့အထဲမှာ ကျနော်တို့ နေရာထိုင်ခင်းကအစ လုံခြုံတဲ့နေရာမှာ ထားဖို့အတွက်တော့ ကျနော်တို့ HDCO နဲ့ တစ်ခြား သက်ဆိုင်ရာတာဝန်ရှိ ပါတီ၊ ဌာနနဲ့ ပူပေါင်းပြီး ကျနော်တို့က အကောင်းဆုံးနေရာတွေ ရွေးပြီးတော့ လောလောဆယ် အဆင်ပြေအောင် ထားဖို့တော့ ကြိုးစားနေကြတယ်။ ဒါပေမယ့် နောက်ပိုင်း ဒီလို ရေရှည်မှာဆိုရင်တော့ စားဝတ်နေရေးပြဿနာတို့ နောက်ပြီး ကျန်းမာရေးပြဿနာတို့က အခက်အခဲကတော့ အများကြီး ရှိပါတယ်။ ဘာလို့ဆို ကျနော်တို့ ဒီဘက်မှာ နဂိုရှိတဲ့ စစ်ရှောင်တွေကိုတောင်မှ မနည်း ဖူလုံအောင် မငတ်အောင်အဆင့်ပဲ ထားနိုင်တဲ့အခါ ထပ်တိုးလာတဲ့ အခြေအနေမျိုးမှာ အခက်အခဲကတော့ အများကြီးတော့ ရှိလာနိုင်တယ်” လို့ ပြောပါတယ်။
တောင်မော်ဦး ရေတပ်စခန်းအနီး တိုက်ပွဲက ပြီးခဲ့တဲ့ မေလ ပထမအပတ်မှာ စတင်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်ဘက်က အကျအဆုံး များခဲ့တာကြောင့် လေကြောင်းကနေ ပစ်ကူတဲ့အပြင် စစ်အင်အားနဲ့ လူအင်အားပါ ဆက်တိုက်ဖြည့်တင်းနေတာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။

968 comments