အာရက္ခတိုင်းမ်စ် (၂၄ မေ ၂၀၂၆)
ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ မြောက်စမ်းရွာရှိ အမြောက်တပ် (အမတ ၃၄၄) တပ်ရင်းနားကို စစ်ကော်မရှင်က Y12 နဲ့ ဗုံးပတ်ကြဲနေတယ်လို့ သိရပါတယ်။
“ မနေ့ကလည်း ဗုံးလာကြဲတယ်။ Y12 တွေရော ဂျက်ဖိုက်တာတွေရောပဲ။ ၁၅ ရက်က တော်လှန်ရေးအဖွဲ့တွေက အမြောက်တပ်ကို ယာယီသိမ်းလိုက်တာကို မကျေနပ်တာ နေမယ်။ ၁၈၊ ၁၉ လာကြဲတယ်။ ၂၀၊ ၂၁၊ ၂၂ မလာဘူး။ မနေ့ကနဲ့ ဒီနေ့ ထပ်လာကြဲတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မေလ ၁၅ ရက်က တိုက်ပွဲဖြစ်ပွားနေတဲ့ မြောက်စမ်းရွာရှိ အမြောက်တပ် (အမတ ၃၄၄) တပ်ရင်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်က ယာယီသိမ်းပိုက်နိုင်ခဲ့ပြီး လေကြောင်းရန်ကြောင့် ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အမတ ၃၄၄ အမြောက်တပ်ရင်း တိုက်ပွဲတွင် အာရက္ခတပ်တော်ရဲ့ စနိုက်ဘာလက်ချက်နဲ့ စစ်ကော်မရှင်တပ် ခလရ (၃၆) ဒုတပ်ရင်းမှူး ဗိုလ်မှူး ဟိန်းဇော်အောင် သေဆုံးခဲ့ပါတယ်။
အမြောက်တပ် (အမတ ၃၄၄) တပ်ရင်းရဲ့အောက်မှာတော့ ဧရာဝတီတိုင်း ဖျာပုံမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၉၈)၊ ဓနုဖြူအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၁၀၈) နဲ့ တပ်မ ၆၆ လက်အောက်ခံ (ခလရ ၁၄) တပ်ရင်း တို့ရှိနေတာလည်း ဖြစ်ပါတယ်။
