အာရက္ခတိုင်းမ်စ် (၂၅ မေ ၂၀၂၆)
ရက္ခိုင်ပြည် စစ်တွေမြို့ မကျစေရေးအတွက် စစ်ကော်မရှင်က အာရက္ခတပ်တော်ကို စစ်ကြောင်း ၃ ခု ခွဲပြီး ခုခံနေတယ်လို့ သိရပါတယ်။
“ စစ်တွေတပ်နယ်ရဲ့ ခံစစ်ဧရိယာဟာ တဖြည်းဖြည်း ကျဉ်းမြောင်းလာနေပြီ ဖြစ်ပါတယ်။ ပါရမီရင်းစုလို့ခေါ်တဲ့ ပါဒလိတ်ရွာ အခြေစိုက် တပ်ရင်းတခုဟာ ငတောက်တဲ့ တောကန် အောင်မြေကုန်း စတဲ့ နယ်မြေတွေမှာ စစ်ကြောင်း ၃ ခု ခွဲပြီး ခံစစ်ဆင်နေကြတာပါ” လို့ မြေပြင်သတင်းရင်းမြစ်တဦးက ဆိုပါတယ်။
လက်ရှိမှာ အာရက္ခတပ်တာ်က အောင်မြေကုန်းကို ပိတ်ဆို့ထားပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေရဲ့ ပစ်ခတ်သံတွေလည်း ထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ အောင်မြေကုန်း ဆိုတာကတော့ စပါးထားရွာနဲ့ သိပ်အလှမ်းမဝေးလှဘဲ ရွှေမင်းဂံ နောက် ဗျိုင်းဖြူရွာ အနီးမှာ ရှိပါတယ်။ အာရက္ခတပ်ဟာ အဆိုပါ အောင်မြေကုန်းကိုပါ ဝိုင်းပတ် ပိတ်ဆို့ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် စစ်တွေတပ်နယ်ဟာ မြောက်ဘက်မှာဆိုရင် မင်းချောင်းတံတားကိုကျော်ပြီး စိမ့်ဝင်ထားနိုင်သလို နာရီကန်တံတားတဝိုက်အထိပါ ခြိမ်းခြောက်ထားနိုင်ပြီလို့ တွက်ဆရပါတယ်” လို့ သူက ဆက်ပြောပါတယ်။
တပ်ချုပ်သစ် ရဲဝင်းဦးဟာ ရက္ခိုင်ပြည် စစ်တွေမြို့ကို အာရက္ခတပ်တော်ထံ မကျစေရေးအတွက် ကမ်းနားလမ်းကို ခြံစည်းရိုးကာတာအပြင် ဘန်ကာများဆောက်ပြီး ခုခံခိုင်းနေတယ်လို့လည်း သိရပါတယ်။
အလားတူ တပ်ချုပ်သစ်က ရက္ခိုင်ပြည် စစ်တွေမြို့ထဲကို အာရက္ခတပ်တော် ဝင်ရောက်မှာကို စိုးရိမ်တာကြောင့် စစ်တွေမြို့တွင်း အဝင်အထွက်တွေကို တင်းကြပ်ခိုင်းထားပြီး အဓိကအားဖြင့် မွတ်ဆလင်တွေကို မြို့တွင်းကို ဝင်ရောက်ခွင့် မပြုထားဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင် ရက္ခိုင်ပြည် စစ်တွေမြို့မှာ ည ၉ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်အပြင် အဲဒီ သတ်မှတ်ကာလမှာ အပြင်ထွက်ပါက ပစ်မိန့်ပါ ထုတ်ထားတယ်လို့လည်း သိရပါတယ်။
