NewsPolitic

မြောက်ပိုင်းအဖွဲ့ကို နေပြည်တော်ဖိတ်ခေါ်မယ့်ကိစ္စ ဘယ်လိုအခင်းအကျင်းဖြစ်နိုင်လဲ

အာရက္ခတိုင်းမ်စ် (၂၃ ဇွန် ၂၀၂၆)

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့ NSPNC အနေနဲ့ ဩဂုတ်လမှာ မြောက်ပိုင်း အဖွဲ့တွေကို နေပြည်တော်လာဖို့ ဖိတ်ခေါ်သွားမယ်လို့ NDAA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ဧရာဝတီသတင်းဌာနကို ဖြေကြားထားချက်အရ သိရပါတယ်။

အယောင်ဆောင်သမ္မတ ဦးမင်းအောင်လှိုင်က ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးရအောင်လုပ်မယ် ပြောဆိုထားတာကြောင့် NSPNC အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လိုက်လံတီးခေါက်နေတာ ဖြစ်နိုင်ပြီး မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ကတော့ စုပေါင်းပြီး လိုချင်တာကို တောင်းနိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ‌ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဒါတွေကို သူတို့ လိုက်ပြီး တီးခေါက်နေတာပေါ့။ အခု ဗိုလ်ချုပ်ရာပြည့် သွားနေတယ်ဆိုတာတွေက။ အဲဒါတွေကို သွားပြီး တီးခေါက်ကြည့်ပြီးတော့ ဘယ်သူက ဘာလိုချင်တယ်၊ ဘယ်လိုပေးနိုင်မလဲဆိုတာ သွားတီးခေါက်ကြည့်တာ ဖြစ်နိုင်မယ်။ အဲဒီတော့ ဒီအဖွဲ့တွေကလည်း သူတို့က စုပေါင်းပြီးတော့ သူတို့လိုချင်တာကို စုပေါင်းပြီး တောင်းမယ်၊ ဘာမယ်ဆိုတာတွေလည်း ကြားနေတော့ အဲဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပေါ့။ အဲဒါမျိုးတွေရအောင် တောင်းလိမ့်မယ်ထင်တယ်။ အဲဒီတော့ ဒါကလည်း တချို့ဟာတွေက ပေးပေး၊ မပေးပေးရပြီးသားတွေလည်း ဖြစ်တာကို။ အဲဒီတော့ သိပ်တော့ မင်းအောင်လှိုင်အတွက်တော့ ဒီလိုလေ သူက ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးရအောင် ယူပါ့မယ်တို့ ဘာတို့ ပြောထားတာဖြစ်တာကို။ အဲဒီတော့ ဒီအပေါ်ယံသဏ္ဍန်အတွက် အနှစ်သာရမပါဘူး။ အပေါ်ယံသဏ္ဍန်အတွက်ကတော့ သူ လုပ်ရမယ့်ကိစ္စတွေ ရှိတာပေါ့နော်။ ဗိုလ်ခင်ညွန့်ခေတ်တုန်းကလည်း အပစ်အခတ်ရပ်စဲရေးကို ၁၇ ဖွဲ့နဲ့တောင် လုပ်ထားပါတယ်၊ ဘာတယ်ပြောပြီး နိုင်ငံရေးအရတော့ သူက ဘာမှမဖြေရှင်းဘူးလေ။ ဒါမျိုးတွေဖြစ်လာဦးမှာပဲ” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့ NSPNC ဟာ NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ အလွတ်သဘောတွေ့ဆုံထားသလို ရှမ်းနီအဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေကို နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA နဲ့တွေ့ဆုံဆွေးနွေးဖို့အတွက် မိုင်းလား အထူးဒေသ ၄ ကို ဇွန် ၁၇ ရက်နေ့က သွားရောက်ကာ ဥက္ကဋ္ဌ ဦးထိန်လင်းက လက်ခံတွေ့ဆုံခဲ့တာပါ။

ဒါ့အပြင် UWSA ဘက်မှာ တော့ ဒုတိယဥက္ကဋ္ဌ ကျောက်ကော်အန်း၊ UWSA ဥက္ကဋ္ဌ ပေါက်ယိုရှန်ရဲ့ သားဖြစ်သူ အမြဲတမ်း ဗဟိုနိုင်ငံရေး ဦးဆောင်ကော်မတီဝင် ပေါက်အိုက်ခန်းတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

NSPNC ရဲ့ အဲဒီခရီးစဥ်ဟာ စည်းရုံးရေးခရီးစဥ်ဖြစ်တယ်လို့လည်း NDAA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

NSPNC အနေနဲ့ မြောက်ပိုင်းအဖွဲ့တွေကို နေပြည်တော်မှာ တွေ့ဆုံခဲ့မယ်ဆိုပါကလည်း စစ်တပ်ဘက်က ဘာမှ လိုက်လျောမှာမဟုတ်တဲ့အတွက် တစ်စုံတစ်ရာ ထူးခြားမှာမဟုတ်ဘူးလို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ‌ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဘာမှ ဒီလောက်ထူးမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ဘက်က ဘာမှသိပ်လိုက်လျောမှာ မဟုတ်ဘူးလေ။ သူက ဟန်ပြပဲလုပ်တာပဲ။ တောက်လျှောက်လည်း ဟန်ပြပဲလုပ်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ခေတ်တုန်းက မှတ်မိလား။ ပင်လုံညီလာခံဆိုပြီး ခေါ်တာ တကယ့်တကယ်ကြ ဒေါ်အောင်ဆန်းစုကြည်က ပါးတယ်။ တိုက်ရိုက်လွှင့်ခိုင်းလိုက်တာ။ တိုက်ရိုက်လွှင့်ခိုင်းလိုက်တော့မှ တစ်ပြည်လုံးမှာပျံ့သွားတာပဲ။ မင်းအောင်လှိုင်ဘယ်ဘက်ကရပ်တယ် ဆိုတာ။ ရလို့၊ ရလို့ထင်လို့ သူတို့ဝင်ဖောက်တာပဲ။ သူများတွေနဲ့ အားလုံးရကာနီးမှ လက်နက်ချရမယ်ဆိုပြီး ပြောလိုက်တာလေ။ ဘယ်သူမှလက်နက်မချနိုင်ဘူး။ လက်နက်ချနိုင်ရင် အစောကြီးကတည်းက ချမှာပေါ့။ ဒီစစ်တပ်ရှိနေသရွေ့ ဘယ်တော့မှ ငြိမ်းချမ်းရေးရမှာမဟုတ်ဘူး။ ဒါတွေအားလုံးက အပေါ်ယံသဏ္ဍန်ပဲ။ ရရှိတဲ့အကျိုးအမြတ်လေးတွေကလည်း သိပ်မကြာခင်ပြန်ပျက်သွားမှာပဲ။ သံသရာပြန်လည်နေတာ” လို့ သူက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ (အထူးသဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ၎င်းတို့ရဲ့ မဟာမိတ်တွေ) ရဲ့ လက်ရှိစစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းဟာ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ သိသိသာသာ ပြောင်းလဲသွားပြီး အခုလို ပုံစံမျိုးနဲ့ ရှိနေပါတယ်။

ကိုးကန့်တပ် MNDAA ဟာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း၊ လောက်ကိုင်၊ ချင်းရွှေဟော် အပါအဝင် ကိုးကန့်အထူးဒေသ (၁) တစ်ခုလုံးနီးပါးကို ပြန်လည်ထိန်းချုပ်ထားပြီး သိန္နီနဲ့ ကွတ်ခိုင်လို မဟာဗျူဟာကျတဲ့ မြို့တွေကိုပါ စိုးမိုးထားပါတယ်။

လက်ရှိမှာ ဒေသတွင်းပြန်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေပါတယ်။

တအာင်းတပ် TNLA ကတော့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင် (ပူးတွဲ)၊ နောင်ချို၊ ကျောက်မဲ စတဲ့ တအာင်းဒေသအများစုကို ထိန်းချုပ်ထားလျက်ရှိတာပါ။

အာရက္ခတပ်တော် AA ကတော့ မြောက်ပိုင်းစစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့သလို ရခိုင်ပြည်နယ်အတွင်းမှာ လည်း ၃ မြို့မှအပ ကျန်အကုန်လုံးကို အလုံးစုံစိုးမိုးထားပြီး စစ်ရေးအရရော အုပ်ချုပ်ရေးအရပါ အားအကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။

Related posts

ရက္ခိုင်က မြို့ ၄ မြို့ကို စကမ က AA ထံ တောင်းတယ်လို့ သတင်းထွက်

Rakhita Times

စစ်တွေမှာ စက်သုံးဆီ တလီတာကို သုံးသောင်းကျော်အထိ ဈေးမြင့်တက်လာ

Rakhita Times

ပုသိမ်တွင် Helicopter ဆင်းသက်နိုင်ရန် စစ်ကောင်စီ ၉ ကွင်း တည်ဆောက်နေ

Rakhita Times

Leave a Comment