ဌေးဝင်း
ဂရိသင်္ဘောအိုနဲ့အတူ မျောပါသွားတဲ့ ကိုရီးယားသွား အိမ်မက်
အဲဒီအလုပ်ကနေ နောက်ထပ် ဘန်ကောက်မြို့ ဖက်လန်ဆောင်ဘက် ထခန်းအရပ်မှာရှိတဲ့ အအေးခန်းကို ပြောင်းလာပြီး လုပ်သေးတယ်။ ဒီအလုပ်က ခွန်အားဗလကို အသုံးပြုပြီး လုပ်ရတာမို့ အတော့ကို ပင်ပန်းတဲ့ အလုပ်။ သူတို့က ဗလတောင့်တဲ့သူတွေကိုသာ ရွေးပြီး အလေးအပင် ထမ်းပြီး သယ်ရ ရွှေ့ပြောင်းရတဲ့နေရာမှာ အလုပ်ပေးထားတယ်။ အအေးခန်းထဲကို အင်္ကျီထူထူဝတ်ပြီး ငါးပါကင်တွေကို သွင်းတာ ထုတ်တာတွေကို လုပ်ရတယ်။ အအေးဒဏ်ကိုလည်း တော်တော်ခံရတယ်။
အအေးခန်း အဝင်အထွက် တံခါးကလည်း တော်တော်ကြီးတယ်။ ဒီတံခါးကို အနည်းဆုံး လူနှစ်ယောက်မပြီး ဖွင့်မှ ပိတ်မှ ရတာ။ ဒါကြောင့်မို့လို့ အအေးခန်းထဲမှာ တစ်ယောက်ထဲ ကျန်ရစ်မနေရအောင် အမြဲ သတိထားပြီး နေရတယ်။ ဒီကြားထဲ ငါက ပြဿနာတစ်ခု ဖြစ်လိုက်တော့ လုံးဝကို သတိမထားလို့ မရတော့တဲ့အဖြစ်တစ်ခုက ရှိလာတယ်။
တစ်နေ့က အလုပ်နားတဲ့နေ့မှာ ထိုင်းအလုပ်သမားခေါင်းဆောင် (ဝဏ္ဏ) တွေနဲ့ ဖက်လဲတကင်းနေတဲ့ မြန်မာအလုပ်သမားတစ်ယောက်က ငါ့ကို အရက်မူးမူးနဲ့ ပြဿနာလာရှာလို့ ငါတီးပစ်လိုက်တာ ဒီကောင် တော်တော်ထိသွားတယ်။ အဲဒီလိုဖြစ်ပြီးနောက်မှာ ထိုင်းအလုပ်သမားခေါင်းဆောင်က ငါ့ကို မကြည်ဘူး။ တော်တော့ကို မကြေမနပ်နဲ့ကြည့်တဲ့ သူ့အကြည့်တွေကို ငါ သတိထားမိတယ်။ အရေးအကြီးဆုံးက သူတို့အုပ်စုဟာ ငါ့ကို အအေးခန်းထဲမှာ ပိတ်မိနေအောင်ကြံနေတယ်ဆိုတာ ငါ့စိတ်က သိနေတယ်။ ဒါကြောင့်မို့လို့ ငါဟာ အခန်းဝင်ဝနားမှာဘဲနေပြီး အလုပ်လုပ်တယ်။ အပြင်ကို ထွက်ရမဲ့အချိန်ရောက်တာနဲ့ ငါဟာ သတိထားပြီး အမြန်ထွက်တယ်။ သူတို့ရဲ့ ခေါင်းဆောင်ပိုင်းက (၃) ယောက်ဟာ မကြာမကြာ စုပြီး တီးတိုးတီးတိုးနဲ့ လုပ်နေတာကို မြင်နေရတော့ ငါ့မှာ နောက်ကြောမလုံသလို ခံစားရတယ်။ အလစ်မပေးရဲဘဲ သတိထားနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ကို အအေးခန်းထဲမှာ တစ်ယောက်တည်းကျန်နေအောင်လုပ်ပြီး တံခါးပိတ်လိုက်ရင် ငါဖွင့်ထွက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်။ အဲလိုဖြစ်အောင် သူတို့ ကြံနေတာကို ငါ အသေအချာ သိထားတော့ ငါ ဒီမှာ ဆက်လုပ်နေရင် ငါ့အတွက် အသက်အန္တရယ် ရှိတယ်။ သူတို့က အလုပ်သမားခေါင်းဆောင်။ ထိုင်းနိုင်ငံသားတွေဆိုတော့ တစ်နေ့မဟုတ်တစ်နေ့ ငါ့ကို သူတို့အကြံအောင်မြင်အောင် လုပ်နိုင်မှာ ဖြစ်တယ်။ ပြီးတော့ အဲဒီမှာ ငွေကလည်း သိပ်မစုမိနိုင်ဘူး ဆိုတော့ ငါ အဲဒီအလုပ်က ထွက်လိုက်တယ်။
နောက်ထပ် အလုပ်လုပ်ဖို့ အဆက်သွယ် ရှာကြည့်တော့ ညီလေးလိုခင်တဲ့ ထွန်းဝင်းဆိုသူ ရှိတယ်။ သူက ထိုင်းစကားကို ထိုင်းတစ်ယောက်လို ပြောတတ်တယ်။ ထိုင်းမှာနေတာလဲ ကြာပြီဆိုတော့ သူ့ကို အကူအညီ တောင်းလိုက်တယ်။ သူ့အဆက်အသွယ်နဲ့ဘဲ ဘန်ကောက်မြို့လယ်ခေါင်က ပတူနမ့်မှာရှိတဲ့ (World Trade Center) ကုန်တိုက်က (၄) ထပ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ပန်းကန်ဆေးတဲ့အလုပ်မှာ လုပ်နေလိုက်တယ်။
ဒီလို လုပ်နေရင်းက အလုပ်နားတဲ့ရက်တွေမှာ AASYC ရုံးကို သွားနေလေ့ရှိတယ်။ ဒီမှာ ကြားရတဲ့ သတင်းတစ်ခုက တော်တော် စိတ်မချမ်းသာစရာ ကောင်းတယ်။ ရနောင်း ကော့သောင်းဖက်မှာ AASYC-ANGA က ရဲဘော် (၁၂) ယောက်ဟာ စက်လှေတစ်စီးနဲ့အတူ ပျောက်ဆုံးနေသတဲ့။ ပြီးတော့ ရဲဘော်အားလုံး ကျဆုံးသွားပြီလို့လည်း ပြောကြတယ်။ နောက်ပိုင်းမှာ သတင်းရတာက ရဲဘော်ကျော်ဝင်းတစ်ယောက်ဘဲ အသက်ရှင် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သိရတယ်။
တစ်ခါ နောက်တစ်နေရာမှာ AASYC-ANGA ရဲ့စခန်းကို ရန်သူထိုးစစ် ဝင်လာတာကြောင့် ဆုတ်လာရပြီး ထိုင်းမြေထဲကို လျှပ်တပြက် ဝင်ရောက်လာစဉ်မှာလည်း ထိုင်းစစ်တပ်ကဖမ်းလို့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံလိုက်ရတယ်တဲ့။ ဘဏ္ဍာငွေ ရရှိရေးအတွက် အခွန်ကောက်ဖို့ အစီစဉ် လုပ်တာမှာလည်း ပင်လယ်ပြင်မှာ ရန်သူမြန်မာစစ်တပ်ရဲ့ ချေမှုန်းခြင်းကို ခံလိုက်ရတာ (၂) ခါ ဆက်တိုက်တဲ့။ ရဲဘော်တွေလည်း ကျဆုံး။ လက်နက်ခဲယမ်းတွေနဲ့အတူ စက်လှေ (၂) စီးလည်း ဆုံးရှုံးသွားသတဲ့။
ဒါတွေက တော်တော်လေး ရှာကြံပြီးမှ ရှိထားတာတွေလေ။ အဲဒါတွေ ဆုံးရှုံးသွားတဲ့နောက်မှာ အဖွဲ့အစည်း ဆက်လက် ရပ်တည်ရေးအတွက် တော်တော် ရုန်းကန်လာကြရတယ်။ ကြိုးစားပြီး အခက်အခဲပေါင်းများစွာနဲ့ ဖြတ်ကျော်နေရတဲ့ကာလကို ငါ တွေ့မြင်ခဲ့ရတယ်။
အဲဒီကာလမှာ ခေါင်းဆောင်တွေ ဆွေးနွေးပြီး ဆုံးဖြတ်ချက် တစ်ခု ချကြတယ်။ ရက္ခိုင်လက်နက်ကိုင်ပါတီ နှစ်ပါတီဖြစ်တဲ့ NUPA နဲ့ ALP တို့ ပေါင်းစည်းရေးက လောလောဆယ် အခြေအနေမှာ မဖြစ်နိုင်သေးပေမဲ့ ငါတို့ကတော့ အဲဒီနှစ်ဖွဲ့ထဲက တဖွဲ့နဲ့ ပေါင်းစည်းကြရမယ်လို့ ဆုံးဖြတ်တော့ တချို့က NUPA နဲ့ ပေါင်းမယ်။ နောက်တချို့က ALP နဲ့ ပေါင်းမယ်ဆိုပြီး သဘောထားပေးကြတော့ နောက်ဆုံးမှာ မဲခွဲ ဆုံးဖြတ်လိုက်တဲ့အခါ မဲခွဲ ဆုံးဖြတ်ချက်အရ NUPA နဲ့ပေါင်းဖို့ သဘောထား ကျသွားတယ်။ ဆုံးဖြတ်ချက် ကျပြီးတာနဲ့ NUPA က တာဝန်ရှိသူတွေနဲ့ ညှိနှိင်းတဲ့အခါ NUPA ကလည်း ဝမ်းသာအားရ ကြိုဆို လက်ခံတယ်။
ငါ့ရဲ့ တသီးပုဂ္ဂလ အမြင်ကိုတော့ AASYC က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ရော NUPA က ဒေါက်တာခင်မောင် ကိုစောထွန်း ဗိုလ်မျိုးနဲ့ တွေ့ဆုံပြီး
“၈၈၈၈ နောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး တော်လှန်ရေး နယ်နမိတ်ထဲမှာ ကျောင်းသားလူငယ် လူမျိုးပေါင်းစုံ ဆက်စပ် ပူးပေါင်းဆောင်ရွက်မှုထဲမှာ ရက္ခိုင်လူငယ်တွေ ကျောင်းသားလူငယ်အဖွဲ့တွေ ဆက်လက်ပြီး ပါဝင်နေဖို့ လိုတယ်။ ရှိနေဖို့ လိုတယ်။ အဲဒါကြောင့် AASYC ကို အဲဒီ အခန်းကဏ္ဍတွေမှာ ဆက်လက် ပါရှိနေအောင် စဉ်းစားကြပါ။ AASYC ကလူတွေ အားလုံးက NUPA မှာ ပူးပေါင်းပါဝင်ပြီး NUPA အနေနဲ့ AASYC ကို NUPA ရဲ့ လျှို့ဝှက် လက်အောက်ခံ အဖွဲ့အနေနဲ့ဖြစ်ဖြစ်။ လွတ်လွတ်လပ်လပ်ဖြစ်ဖြစ် AASYC အဖွဲ့ ကိုတော့ ဒီလူငယ်ပလက်ဖေါင်းအတွက် ဆက်ပြီး ထားသင့်တယ်”
ဆိုတာကို ငါ့အနေနဲ့ ဆွေးနွေးခဲ့တယ်။
AASYC ဟာ NUPA နဲ့ ပူးပေါင်းလိုက်တဲ့နောက်မှာ အိန္ဒိယမှာရှိနေတဲ့ အတွင်းရေးမှူး ခိုင်ကျော်ကျော်နဲ့ အဖွဲ့ဝင်တွေကတော့ NUPA နဲ့ ပူးပေါင်းရာမှာ ပါဝင်မှုမရှိဘဲ AASYC အနေနဲ့ ဆက်လက် ရပ်တည်နေတဲ့ အနေအထားကို တွေ့လာခဲ့ရတယ်။ အဲဒီလို ဖြစ်နေကြတဲ့ကာလမှာ AASYC ဥက္ကဌ ကိုခိုင်မြတ်ကျော်က ငါ့ကို ခုလို ပြောလာတယ်။
“ကိုကျော်ဟန်ရေ။ ခု ကျနော်တို့ ရုံးစိုက်ပြီး နေတဲ့နေရာက တစ်နှစ်စာချုပ်နဲ့ ငှါးထားတာ။ ကျနော်တို့ကတော့ နေရာပြောင်းရွှေ့ရဖို့ ဖြစ်နေပြီ။ ဒီလိုဆိုရင် တစ်နှစ်ပြည့်အောင် ဆက်မနေနိုင်ရင် ပေးထားတဲ့ စဘော်ငွေပိုက်ဆံတွေ ဆုံးမယ်။ အဲလို မဆုံးရှုံးရအောင် ဒီအခန်းကို အကိုနေမယ်ဆိုရင် လွှဲယူပြီး နေလိုက်ပါလား”
လို့ ပြောလာတယ်။ အဲဒီအချိန်မှာ ငါတွေးကြည့်မိတာက ဒီအခန်းမှာ ငါဆက်နေပြီး သင်္ဘောသားတွေ ခဏတာ တည်းခိုတဲ့ အခန်းဖွင့်ရင် အဆင်ပြေနိုင်တယ်လို့။ ရက္ခိုင်သင်္ဘောသားတချို့ကလည်း
“ကိုကျော်ဟန် အဲဒီအိမ်မှာ အိမ်ခန်းဖွင့်ပါလား။ အကို အိမ်ခန်းဖွင့်ရင် ကျနော်တို့ လာမယ်။ တခြား သင်္ဘောသား မိတ်ဆွေတွေကိုလည်း ငါတို့ခေါ်ပေးမယ်”
လို့ ပြောလာကြတော့ ငါလည်း စဉ်းစားကြည့်မိတယ်။ ရက္ခိုင်သင်္ဘောသား တော်တော်များများလည်း ဟိုနေရာမှာတည်း ဒီမှာတည်းပြီး နေကြတာ အများကြီးရှိတယ်ဆိုတော့ ငါ အိမ်ခန်းဖွင့်ရင်တော့ ရက္ခိုင်တွေ တော်တော်များများနဲ့ အဆက်အသွယ် ရမယ်။ ငါရည်မှန်းထားတဲ့ အစီစဉ်တွေအတွက်လည်း အထောက်အကူ ဖြစ်မယ်။ အပြင်မှာ ခုလို ကျပမ်း လုပ်နေတာထက်လည်း ပို အဆင်ပြေမယ်။ ရင်းနှီးတဲ့ သင်္ဘောသား မိတ်ဆွေတွေကလည်း တိုက်တွန်းကြတော့ ငါ အဲဒီနေရာမှာဘဲ အိမ်ခန်းဖွင့်ဖို့ ဖြစ်သွားတယ်။
အိမ်ခန်းဖွင့်တော့ ဖုန်း -ဖတ်စ်-Fax တီဗွီ အစရှိတာတွေ ဝယ်လိုက်တာ့ ဒေါ်လာ ၁၀၀၀ ကျော်လောက် ကုန်သွားတယ်။ သိပ်မကြာပါဘူး။ တစ်လအတွင်းမှဘဲ အိမ်ခန်းမှာ လာတည်းကြသူ (၈) ယောက်ကနေ (၁၀) ယောက်လောက် ရှိလာတော့ အခြေအနေ ကောင်းတယ်ပေါ့။ တစ်နေ့ကို ထမင်းနှစ်ထပ်နဲ့ ကော်ဖီကို အိမ်ခန်းဖွင့်သူက စီစဉ်ပေးရပြီး တည်းခိုသူက တစ်နေ့ ဘတ်ငွေ ၁၀၀ ပေးရတယ်။ လူ (၁၀) ယောက်ဆိုရင် (၄၀၀) လောက်တော့ ကိုယ့်အတွက် ကျန်တယ်။
အိမ်ခန်းဖွင့်လို့ နှစ်လလောက်အကြာမှာ စင်ကာပူမှာနေတဲ့ ကိုထွန်းသာနဲ့ အဆက်သွယ်ရရှိပြီး ရန်ကုန်ကနေ သူ့ဆီကို သင်္ဘောတက်ဖို့ လာမဲ့လူတွေကို ငါ့ဆီကိုပို့ပေးလာတော့ အိမ်ခန်းမှာ လူက အပြည့်။ (၁၅) ယောက်လောက်က ပုံမှန်လို ရှိနေတော့ တလကို ဒေါ်လာ ၈၀၀ နဲ့ ၁၀၀၀ လောက်တော့ ကိုယ့်အတွက် စည်တယ်လေ။
ငါလည်း အဲဒီခါမှ မိသားစုကို နည်းနည်း ထောက်ပံ့လာနိုင်တယ်။ ငါ အိမ်ခန်းဖွင့်တာ နာမည်ရလာတယ်။ သင်္ဘောတင်ပေးတဲ့လူဆီက ကော်မရှင်တွေ ဘာတွေပါ ရလာတော့ အခြေအနေက တော်တော် ကောင်းတယ်လို့ ပြောလို့ ရတယ်။
ဒီလို အဆင်ပြေလာတော့ တချို့လူတွေကိုလည်း ကူညီပေးနိုင်တာ ရှိခဲ့တယ်။ ဥပမာ သင်္ဘောတက်ဖို့ ပွဲစား အကျိုးဆောင်ခ မလုံလောက်လို့ လိုအပ်တဲ့သူတွေကို ကူညီပေးလိုက်တာတို့။ အခက်အခဲ ရှိနေသူတချို့ကို ငွေကြေးအချို့ ထောက်ပံ့ပေးတာ။ ချေးငှါးပေးတာတွေလည်း လုပ်နိုင်ခဲ့တယ်။
အဲလိုနေရင်းနဲ့ဘဲ ငါဟာ NUPA က ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာခင်မောင် ဗိုလ်မှူးစောထွန်း (အကြီးစောထွန်း) တို့နဲ့ ဘန်ကောက်မှာ မကြာမကြာ တွေ့ဖြစ်တယ်။ တနေ့မှာ ကိုစောထွန်းက ငါ့ကို ဘန်ကောက်မြို့ က Chaleena ဟော်တယ်မှာ တွေ့ဖို့ ခေါ်တယ်။ ငါသွားတွေ့ပြီး သူနဲ့ အချိန်အကြာကြီး စကားပြောဖြစ်ကြတယ်။ သူက ငါ့ကို NUPA ထဲမှာ ပါဝင်ပြီး တော်လှန်ရေး ဆက်လုပ်ဖို့နဲ့ သူနဲ့အတူ အနီးကပ် လက်တွဲပြီး လုပ်ကြမယ်လို့ ပြောလာတယ်။ တဘက်မှာလည်း ငါဟာ မိသားစုကို အတိုင်းအတာတစ်ခုထိ ပံ့ပိုးနိုင်ခဲ့ပြီ ဖြစ်တယ်လေ။ သတ်မှတ်ထားတဲ့ သုံးနှစ်ဆိုတဲ့ အချိန်ကလည်း ကျော်လာခဲ့ပြီလေ။
နောက်တနေ့ မနက်စောစော ဟော်တယ်မှာ နံနက်စာစားနေတုန်း အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ မူဆလင်လိုလို ဟိန္ဒူးလိုလို လူတစ်ယောက် အနားကိုရောက်လာတော့ ကိုစောထွန်းက
“လာ.. ဒီမှာ ထိုင်လို့ ရတယ်”
လို့ ဗမာလို ပြောလိုက်တော့ ငါ အံ့ဩပြီး ကြည့်နေတုန်းမှာ သူက အနားကထိုင်ခုံမှာ ဝင်ထိုင်လာတော့ ကိုစောထွန်းက ငါ့ကို သူနဲ့ မိတ်ဆက်ပေးတယ်။ သူက ဗမာလို ပီပီသသပြောပြီး ပြန်နှုတ်ဆက်တယ်။ ယခင်က သူဟာ ဗမာပြည်မှာ တက္ကသိုလ်ထိ တက်ခဲ့ပြီး ရန်ကုန်မှာ အကြာကြီး နေထိုင်ခဲ့ဖူးကြောင်း ယခု အိန္ဒိယမှာ ကျောက်အရောင်းအဝယ် လုပ်နေတာ အဆင်ပြေကြောင်း ပြန်မိတ်ဆက်စကား ပြောကာ နံနက်စာ စားပြီးနောက် သူ ပြန်သွားထွက်သွားတယ်။
အဲဒီနေ့ရဲ့ ညနေဘက်မှာ ငါဟာ ကိုစောထွန်း ပြောထားတဲ့ သူနဲ့အတူ လက်တွဲပြီး တော်လှန်ရေး ဆက်လုပ်ဖို့ သဘောတူကြောင်း လှိုက်လှိုက်လှဲလှဲ ပြန် အဖြေပေးလိုက်တယ်။ အစကတည်းက ငါ လေးစားရသူ စံထားရသူ ပြီးတော့ သူ့ ဦးဆောင်မှုအောက်မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးသူ တစ်ယောက်ဆိုတော့ ငါ့မှာ ငြင်းပယ်စရာ အကြောင်း မရှိပါဘူး။ ဒါကြောင့် သဘောတူ လက်ခံလိုက်တယ်။
ငါ အဖြေပေးလိုက်တဲ့နောက် သူက
“မကြာခင် နောက်နှစ်လလောက်မှာ ငါ ပြန်လာဖို့ ရှိတယ်။ ငါ အပြန်မှာ ငါနဲ့အတူ ဘင်္ဂလားဒေ့ရှ်ကို လိုက်ဖို့ အဆင်အသင့် လုပ်ထား”
လို့ ငါ့ကို ပြောခဲ့တယ်။ ပြီးတော့ ကိုစောထွန်းက ငါ့ကို ထပ်ပြောပြတာက မနက်က ငါ့ကို မိတ်ဆက်ပေးတဲ့သူဟာ အိန္ဒိယက ထောက်လှမ်းရေး အရာရှိ ဖြစ်ကြောင်းနဲ့ NUPA ရဲ့ စစ်ဖက်ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရနဲ့ ဆက်ဆံရေးမှာ ထဲထဲဝင်ဝင် ကူညီသူ ဖြစ်ကြောင်း။ ယခုလည်း ရေလမ်းကြောင်းခရီးတွေကို အကူအညီ ပေးနေကြောင်းကို ပြောပြလာတယ်။ သူ့စကားအဆုံးမှာ
“ဒီလူက မြန်မာပြည်မှာ တက္ကသိုလ်ထိ ကျောင်းနေပြီး ရန်ကုန်မှာ အခြေချ နေလာသူတစ်ယောက်ကို အကြီးတို့ ဘယ်လောက်ထိ ယုံကြည်လို့ ရမှာလဲ”
လို့ ငါက ကိုစောထွန်းကို ပြန်မေးလိုက်တယ်။ သူက ခုလို ပြန်ပြောတယ်။
“ငါတို့ သူနဲ့ အလုပ်လုပ်တာ နှစ်ခါ သုံးခါ ရှိပြီ။ ယုံကြည်ရတယ်။ သူ့ကိုလည်း သူမက်လောက်တဲ့ ငွေကြေးနဲ့ တန်ဖိုးကြီးပစ္စည်းတွေ လက်ဆောင်ပေးထားတာတွေလည်း ရှိတယ်”
လို့ ပြောလာတော့ ငါက ပိုစိုးရိမ်စိတ်နဲ့ သံသယစိတ်ပါ ရောပြီး တဆက်တည်း ပြောလိုက်တာက
“အကြီးတို့ တော်လှန်ရေးအဖွဲ့က ဒီလောက်ပေးနိုင်ရင် ဗမာစစ်အစိုးရက ဒီထက် ဆယ်ဆမက ပေးနိုင်တာပေါ့။ သူက လက်ဆောင်မယူဘဲ ကူတယ်ဆိုတာက ပိုပြီး စိတ်ချရအုန်းမယ်။ တံစိုးလက်ဆောင် ရယူပြီးမှ ကူတာတော့ ကျနော် စိုးရိမ်တယ်”
လို့ ပြောလိုက်တော့ အကြီးစောထွန်းလည်း ခဏတာလေး ငြိမ်နေပြီးမှ
“အေး .. ကျော်ဟန်ပြောတာလည်း စဉ်းစားစရာ။ သတိတော့ ထားရမှာ ဖြစ်တယ်”
လို့ ပြောတယ်။ အဲဒီအချိန်မှာ ပြည်တွင်းထဲက တော်လှန်ရေးအသိုင်းအဝိုင်းက မိတ်ဆွေနှစ်ယောက်လည်း တဝိုင်းတည်းမှာ ထိုင်နေတော့ သူတို့ကလည်း
“ဟုတ်တယ်။ ကိုကျော်ဟန်ပြောတာကို စဉ်းစားသင့်တယ်”
လို့ ထောက်ခံပြီး ပြောကြတယ်။
အဲဒီလို ပြောပြီး နောက်တနေ့မှာဘဲ ငါဟာ ကိုစောထွန်းကို ဘန်ကောက်က ဒွန်မောင်းလေဆိပ်မှာ ထပ်ပြီး သွားတွေ့တယ်။ သူက ဘင်္ဂလားဒေ့ရှ်ကို သွားမယ်။ သူနဲ့အတူ ဗိုလ်ရာဇာလည်း တပါတည်း လိုက်သွားတယ်။ ဒါကြောင့် ငါဟာ သူတို့ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်ကျော်သွားတဲ့အချိန်ထိ အဝေးကနေ စောင့်ကြည့် နေခဲ့လိုက်တယ်။
သူတို့သွားပြီး နောက်နှစ်လဆိုရင် ငါလည်း ကိုစောထွန်းနဲ့အတူ ဘင်္ဂလားဒေ့ရှ်ကို လိုက်သွားပြီး တော်လှန်ရေးတာဝန်တွေကို ယူရတော့မှာမို့ ငါ့အိမ်ခန်းကို နောက်တစ်ယောက်နဲ့ လွှဲပေးဖို့ အစီအစဉ်တွေ ချပြီး လိုအပ်တာတွေကို ပြင်ဆင်နေချိန်။ မျှော်လင့်မထားတဲ့ ဝမ်းနည်းစရာ စိတ်မကောင်းစရာ သတင်းဆိုးတစ်ခု အမင်္ဂလာသတင်းတစ်ခုကို ကြားလိုက်ရတယ်။
အဲဒါကတော့ ဗိုလ်ရာဇာနဲ့ အပေါင်းပါများ လုပ်ကြံခံလိုက်ရပြီဆိုတဲ့ သတင်းစကားဘဲ ဖြစ်တယ်။

18 comments