ArticelsPolitic

သွေးညှီနံ့မကင်းတဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်း

ရီရီလှိုင် (ကစ္ဆပမြီ)

‌ဒီနေ့ အာရက္ခပြည်ရဲ့ ပထဝီနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခင်းအကျင်းကို လေ့လာကြည့်မယ်ဆိုရင် အာရက္ခပြည်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေး မဟာဗျူဟာမြောက်ဒေသတစ်ခု ဖြစ်လာနေတာကို မြင်တွေ့ကြရမှာပဲ ဖြစ်ပါတယ်။ အာရက္ခပြည်အကြောင်းကို ပြောမယ်ဆိုရင် ယခင်ကာလတွေတုန်းက အနောက်ဖက် ကမ်းရိုးတန်းဒေသ၊ သမိုင်းဂုဏ်မြင့်မားတဲ့ ရက္ခိုင်ဘုရင့်နိုင်ငံတော် တည်ရှိခဲ့ရာနေရာ၊ ရိုးသားတဲ့ ရက္ခိုင်လူမျိုးတို့ရဲ့ ဖိုးဖီး ဘိုးဘွားပိုင်နယ်မြေဆိုတာလောက်နဲ့ ပြည့်စုံခဲ့ပေမယ့် အခုတော့ ဒီထက်မကတဲ့ အထူးပြုပုဒ်တွေ အများအပြားတပ်ပြီး ပြောဖို့ လိုအပ်လာခဲ့ပါပြီ။

လက်ရှိ အာရက္ခပြည်ဟာ ဒေသတွင်း နိုင်ငံတွေရဲ့ သမုဒ္ဒရာထွက်ပေါက်တစ်ခုအဖြစ် အရေးပါလာခဲ့သလို ကမ္ဘာလုံးဆိုင်ရာ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးမဟာဗျူဟာ ချိန်ခွင်လျှာကို ထိန်းညှိပေးနိုင်မယ့် ဒေသတစ်ခုအဖြစ် အရေးပါလာခဲ့ပြီ ဖြစ်ပါတယ်။ အာရက္ခဒေသရဲ့ ပထဝီနယ်နိမိတ် တည်ရှိမှုဟာ ဒေသတွင်းအင်အားကြီးနိုင်ငံတွေနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ အနာဂတ် စူပါပါဝါ ဗိုလ်လုပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ ဒေသ ဖြစ်လာနေပါတယ်။ ဒါဟာ ကမ္ဘာ့အဆင့်မီ အင်အားကြီးထွားလာနေတဲ့ တရုတ်နဲ့ အိန္ဒိယတို့အပေါ် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ အင်အားထိန်းညှိဖို့ လိုအပ်လာမှုကြောင့်ဆိုရင်လည်း မမှားပါဘူး။

ပြောရရင် ဒီလို အခြေအနေ အခင်းအကျင်းတွေကြားထဲမှာပဲ အာရက္ခပြည်ရဲ့ လက်ရှိ အခြေအနေဟာ စစ်ရေး ပဋိပက္ခတွေကို ပိုမို ပြင်းထန်လာနေစေသလားလို့ သုံးသပ်စရာ ရှိပါတယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာ မရှိပါဘူး။ အခြေအနေ အခင်းအကျင်းတွေအပေါ်မှာ မူတည်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာပဲ ရှိပါတယ်။ အဲဒီ ဒဿနနဲ့ တွေးကြည့်မယ်ဆိုရင်  အာဏာသိမ်းစစ်တပ်ရဲ့ ပိုမို ရက်စက် ကြမ်းကြုတ်လာတဲ့ လုပ်ရပ်တွေ၊ လူ့အရင်းအမြစ် ဖြုန်းတီးတဲ့ စစ်ဆင်ရေးတွေနဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေဟာ လက်တစ်ဆုပ်စာ စစ်ခေါင်းဆောင်တွေ လက်ဝါးကြီး အုပ်ထားကြတဲ့ အာရက္ခပြည်တွင်းက အကျိုးစီးပွားကို ကာကွယ်ရေးနဲ့ ရေရှည်တည်တံ့ရေးတို့အတွက် ဦးတည်နေတာကို တွေ့ကြရမှာပါ။

အခြားတစ်ဖက်က ပြန်တွေးရင် စစ်တပ်ခေါင်းဆောင်တွေဟာ အာရက္ခပြည်တွင်းက ကျောက်ဖြူ၊ စစ်တွေ၊ ငပလီ တို့မှာရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအပါအဝင် အနောက်ဘက် နယ်စပ်ကုန်သွယ်ရေးတို့ကို ကာကွယ်ရုံသက်သက် မဟုတ်ဘဲတော့ဘဲ အဲဒီနေရာတွေမှာ ရင်းနှီးမြုပ်နှံထားကြတဲ့ ဒေသတွင်းနိုင်ငံကြီးတွေ စိတ်ငြိုငြင်မှု မရှိအောင် လုပ်ဆောင်ပြတာတွေကို မြင်တွေ့လာရပါတယ်။ အပြန်အလှန်အနေနဲ့ ဒေါ်လာဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားကြတဲ့ နိုင်ငံကြီးတွေဆီက နိုင်ငံရေး ကျားကန်ပေးတာကို မျှော်လင့်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အာရက္ခတပ်တော် (AA) ရဲ့ အာရက္ခ အမျိုးသား လွတ်မြောက်ရေးရည်မှန်းချက်ဟာ အာဏာသိမ်းစစ်တပ် အကျိုးစီးပွားနဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ တည်ရှိနေမှုကို ရိုက်ချိုးပစ်မယ့်အရာလို့ သတ်မှတ်ထားပုံ ရပါတယ်။ ဒီသတ်မှတ်ချက်ရဲ့ ထွက်ပေါက်အဖြစ် ငွေအား၊ လူအားနဲ့ နည်းပညာအား၊ နိုင်ငံတချို့ရဲ့ မမြင်နိုင်တဲ့ ထောက်ပံ့အားပေါင်းများစွာကို အသုံးပြုပြီး အာရက္ခပြည်ကို အရက်စက် အပြင်းထန်ဆုံးနည်းနဲ့ ချေမှုန်း တိုက်ခိုက်နေတာလို့ သုံးသပ်ကြရမှာပါ။

“သမိုင်းတစ်လျှောက် အရက်စက်ဆုံး စစ်ဆင်ရေးတွေနဲ့ အာရက္ခပြည်”

မြန်မာ့တိုင်းရင်းသား တော်လှန်ရေးသမိုင်းကို ပြန်ကြည့်လိုက်ရင် လက်ရှိ အာရက္ခတပ်တော်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (ULA/AA) နဲ့ အာရက္ခပြည်သူတွေလို မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံ ထိုးစစ်ကို ဘယ်တိုင်းရင်းသားတပ်ဖွဲ့တွေမှ ဆယ်စုနှစ်နဲ့ချီပြီး တစ်ဆက်တည်း မခံစားခဲ့ကြရပါဘူး။ တခြားသော တိုင်းရင်းသားဒေသတွေရဲ့ ပထဝီနယ်မြေ တည်ရှိမှုဟာ အာရက္ခပြည်လို ကြည်း၊ ရေ၊‌ လေ တစ်ပြိုင်တည်း တိုက်စစ်ဆင်နိုင်တဲ့ အနေအထား မရှိတာက အကြောင်းတရားတစ်ခု ဖြစ်ပေမယ့် ရေရှည် စစ်ဆင်ရေးအနေနဲ့တော့ အခုလို ကာလရှည်ကြာပြီး ရက်စက်ကြမ်းကြုတ်တဲ့ ထိုးစစ်မျိုးကို အကြမ်းဖက်စစ်တပ်ဟာ ဘယ်နေရာမှာ ဘယ်အချိန်ကမှ မဖော်ဆောင်ခဲ့ဖူးပါဘူး။

တလောက အာရက္ခပြည်ထဲမှာ ရက်ရှည်ကြာ ရေကြီးရေလျှံမှု ဖြစ်ခဲ့တယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ အာရက္ခပြည်သူတွေ ညီညီညွတ်ညွတ် ပူးပေါင်းပြီးတော့ သဘာဝဘေးဒဏ်ကို ဖြတ်ကျော်ခဲ့ကြတယ်။ ဒီလိုအချိန်မှာပဲ အာဏာသိမ်းစစ်တပ်ဟာ အာရက္ခပြည်ကို လူသားမဆန်စွာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ မြေပြင် ရေပြင် ထိုးစစ်ဆင်တာတွေကို အချိန်နဲ့ တပြေးညီ ပြုလုပ်ခဲ့ပါသေးတယ်။ လူသားဆန်ခြင်း၊ မဆန်ခြင်းဆိုတာကို ဘေးချိတ်ထားနိုင်ရင်တောင် စစ်တပ်ရဲ့ ပါးစပ်ဖျားက အာလုတ်စကားအဖြစ် အမြဲတမ်း ဟစ်ကြွေးနေတတ်တဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမစိတ်ဆိုတာကို အဲဒီ တိုက်ခိုက်မှုတွေက သက်သေပြလိုက်တာပဲလို့ ဆိုနိုင်ပါတယ်။

သွေးညှီနံ့မကင်းတဲ့ ရက် ၁၀၀ စီမံကိန်း

ဒီနှစ်ထဲမှာပဲ သူ့ကိုယ်သူ မဲပြန်ပေးပြီး အနိုင်ရလာအောင် စနစ်တကျ ပြင်ဆင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ သမ္မတရာထူးကို ရယူထားသူ စစ်ဗိုလ်မှူးကြီးဟောင်း မင်းအောင်လှိုင်ဟာ သူ့ရဲ့ သမ္မတအစ ရက် (၁၀၀) စီမံကိန်းကို အာရက္ခပြည်အတွက် သွေးစွန်းတဲ့ စီမံကိန်းတစ်ခုအဖြစ် အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တာကို တွေ့ရှိရပါတယ်။ ဒီလို သွေးစွန်းတဲ့ ရက် (၁၀၀) စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် သူအလိုရှိရာကို ခိုင်းစေနိုင်အောင် တပ်ချုပ်ရာထူး တင်မြှောက်ပေးထားခဲ့တဲ့ သူ့တပည့် ရဲဝင်းဦးက အကောင်အထည် ဖော်ပေးရပါတယ်။

တကယ်တော့ “ပထမ ရက် ၁၀၀” ဆိုတဲ့ အယူအဆဟာ Franklin D. Roosevelt ရဲ့ အစိုးရလက်ထက်ကနေ အထူး ထင်ရှားလာတဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။ ၁၉၃၃ ခုနှစ်မှာ အမေရိကန်နိုင်ငံဟာ စီးပွားရေး အကျပ်အတည်းကြီးကို ရင်ဆိုင်ခဲ့ရပြီး Roosevelt က သူ့ရဲ့ သမ္မတသက်တမ်း ပထမ ရက် ၁၀၀ အတွင်း ဥပဒေတွေ ပြောင်းလဲချမှတ်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှု အများအပြားကို လျင်မြန်စွာ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ “First 100 Days” ဆိုတာ ခေါင်းဆောင်အသစ်တစ်ဦးရဲ့ အစောပိုင်း စွမ်းဆောင်ရည်ကို တိုင်းတာတဲ့ စံနှုန်းတစ်ခုလို ဖြစ်လာခဲ့ကြောင်း မှတ်တမ်းတွေက ဆိုပါတယ်။

ရက် ၁၀၀ စီမံကိန်းရဲ့ ရည်ရွယ်ချက်တွေက အချိန်တိုအတွင်း တိုင်းတာလို့ရတဲ့ ရလဒ်ရရှိစေဖို့၊ အရေးပေါ်ပြဿနာတွေကို အမြန်ဖြေရှင်းဖို့၊ အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့၊ ဝန်ထမ်းတွေကို ရည်မှန်းချက်တစ်ခုအပေါ် အာရုံစိုက်အောင်လုပ်ဖို့၊ ရေရှည်စီမံကိန်းတွေမတိုင်ခင် အခြေခံ ရလဒ်ကောင်းတွေ ဖန်တီးဖို့ စတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒါ‌ပေမယ့် အာရက္ခပြည်ထဲမှာတော့ မင်းအောင်လှိုင်ရဲ့ “First 100 Days” ရက် ၁၀၀ စီမံကိန်းဟာ ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် သီးသန့် အကောင်အထည် ဖော်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒီအတွက် သက်သေကတော့ အာရက္ခပြည်ထဲက လေကြောင်းသတ်ဖြတ် တိုက်ခိုက်မှုတွေပဲ ဖြစ်ပါတယ်။

“အာဏာရှင်တွေရဲ့ သဘောသဘာဝနဲ့ စစ်ရေးဖိအား”

အာဏာရှင်ဟူသမျှဟာ ပြည်သူလူထုကို အကြောက်တရား ကြီးစိုးအောင် ဖန်တီးပြီး နိုင်ထက်စီးနင်း အုပ်ချုပ်လေ့ ရှိကြတယ်။ သေနတ်ပြောင်းဝက အာဏာဆင်းသက်တယ်ဆိုတဲ့စကားဟာ အာဏာရှင်ရဲ့ ရုပ်လုံးကို အတိအလင်း ထုဆစ် ဖော်ပြတာ ဖြစ်တယ်။ နိုင်ငံရေး ဒဿနပညာရှင် Hannah Arendt က အာဏာနဲ့ အကြမ်းဖက်မှုကို သီးခြား ခွဲခြားခဲ့တယ်။ သူ့ရဲ့ အမြင်အရ အာဏာဆိုတာဟာ လူတွေရဲ့ သဘောတူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုက ပေါက်ဖွားလာတယ်လို့ မှတ်ချက်ပြုတယ်။ အဲဒီ သဘောတူညီမှု ပေါက်ပျက်တဲ့အခါမှာတော့ အကြမ်းဖက်မှု ဖြစ်လာရတယ်လို့ ဆိုတယ်။

ဒီအဆိုနဲ့ ပတ်သက်ပြီး သမိုင်းက ထောက်ခံလာတဲ့ အချက်အလက်တွေ အများအပြားပဲ ရှိနေပါတယ်။ အာဏာရှင်တွေဟာ သူတို့ရဲ့ အာဏာကို တည်ဆောက်ဖို့နဲ့ အာဏာတည်မြဲဖို့အတွက်ဆိုရင် နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးတာတွေကို လုပ်ဆောင်လေ့ ရှိကြပါတယ်။ ဒါပေမယ့် အင်အား၊ အာဏာနဲ့ ဖိအားပေးနိုင်တိုင်း အနိုင်ရရှိတတ်တာမျိုးတော့ မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ တရားတော်အတိုင်း နောက်ဆုံးမှာ အမှန်တရားကသာ အနိုင်ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ အယ်လ်ဂျီးရီးယား လွတ်လပ်ရေး စစ်ပွဲအတွင်းက ပြင်သစ်တို့ရဲ့ အင်အားကြီးပြီး ခေတ်မီလှပါတယ်ဆိုတဲ့ စစ်တပ်ဟာ အယ်လ်ဂျီးရီးယား တော်လှန်ပြည်သူကို အရှုံးပေးခဲ့ရတာပါပဲ။ ဒါဟာ စစ်ရေးအရ အနိုင်ရခဲ့တယ်ဆိုရင်တောင် လူထုထောက်ခံမှုနဲ့ နိုင်ငံရေးအပိုင်းမှာ ရှုံးနိမ့်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဗီယက်နမ်စစ်ပွဲကို ပြန်ကြည့်ရင်လည်း အမေရိကန်ဟာ လေကြောင်းတိုက်ခိုက်မှု အင်အား၊ နည်းပညာနဲ့ စစ်အသုံးစရိတ် အပါအဝင် အဖက်ဖက်မှာ အလွန်တစ်ရာ သာလွန်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အမေရိကန်တို့ရဲ့ လေကြောင်း ရက်စက်မှုများကို အမေရိကန်တို့ကိုယ်တိုင် ဒဏ်ခတ်ခဲ့ကြပြီး ဗီယက်နမ်တို့ အနိုင် ရရှိသွားခဲ့ပါတယ်။ ဆိုလိုတာကတော့ စစ်ရေးအင်အား သာလွန်မှုတွေဟာ စစ်မြေပြင်ကို တစ်ခဏတာ ထိန်းချုပ် အောင်မြင်နိုင်မှုအတွက်သာ အသုံးဝင်ပြီး လူထုနှလုံးသားကို ရေရှည် သိမ်းပိုက် အနိုင်ယူနိုင်တဲ့ အကြောင်းအရာ မဟုတ်ပါဘူး။ သေနတ်တွေ၊ ဗုံးတွေ၊ စစ်သင်္ဘောတွေ၊ ဂျက်တိုက်လေယာဉ်တွေဟာ ရုပ်ဝတ္ထုတွေကို ဖျက်ဆီးပစ်နိုင်ပေမယ့် တော်လှန်ရေး စိတ်ဓာတ်ကိုတော့ ဖျက်ဆီးပစ်ခြင်း မပြုနိုင်တာ အမှန်ပါပဲ။ လက်ရှိ အခင်းအကျင်းအရ ဆိုပါက စစ်ရေးဖိအားဟာ ဒိုင်ယာလော့ စားပွဲဝိုင်းတစ်ခုကို ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်မှာ ဖြစ်ပေမယ့် ယုံကြည်မှုနဲ့ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုတော့ ဘယ်တော့မှ ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက်ဆိုရင်တော့ ညီမျှတဲ့ အပေးအယူနဲ့ စေတနာမှန်ခြင်းတို့ကသာ အဓိက ကျနေမှာ ဖြစ်ပါတယ်။

“Madman သီအိုရီနဲ့ သွေးညှီနံ့မကင်းတဲ့ အပစ်ရပ်ဖိတ်ခေါ်မှု”

အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို လိုအပ်ချက်အရ ငြိမ်းချမ်းရေးစားပွဲကို ဖိတ်ခေါ်တိုင်းမှာ ကြိုတင် ကန့်သတ်ချက်တွေနဲ့ အပေါ်စီးကနေလေ့ ရှိပါတယ်။ သူတို့ စိတ်တိုင်းကျ ခင်းထားတဲ့ အာဂျင်ဒါအတိုင်းပဲ သွားခွင့်ပြုလေ့ ရှိပါတယ်။ သူတို့ခေါ်တဲ့ နည်းလမ်းအတိုင်း ခေါင်းငုံ့ပြီး လာနိုင်ရင်လာ၊ မလာနိုင်ရင်တော့ စစ်ရေးနဲ့ တိုက်ခိုက်မယ်ဆိုတဲ့ နည်းစနစ်ကို သုံးလေ့ ရှိပါတယ်။ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းဟာ ရေရှည်အကျိုးနဲ့ တန်းတူရည်တူရှိမှုကို ကိုယ်စား မပြုပါဘူး။ ပြီးတော့ လောလောလတ်လတ် တစ်ခဏတာကိုသာကြည့်ပြီး နောင်ခါလာ နောင်ဈေးပဲဆိုတဲ့ စနစ်နဲ့ သွားပါတယ်။ ဒါကြောင့်ပဲ လွတ်လပ်ရေး ရပြီးကတည်းက ဆွေးနွေးလာခဲ့သမျှ နိုင်ငံရေး စားပွဲဝိုင်းတွေ၊ ချုပ်ဆိုလာခဲ့ကြသမျှ အပစ်ရပ် စာချုပ်တွေဆိုတာ အရေအတွက် များသလောက် အရည်အချင်း မပြည့်မှီခဲ့ပါဘူး။ အဲဒီ တွေ့ဆုံဆွေးနွေးပွဲတွေမှာ ပြောဆိုခဲ့ကြတဲ့ ငြိမ်းချမ်းရေးဆိုတာကလည်း စကားလုံးအဖြစ်သာ ကျန်ရစ်နေပြီး လက်တွေ့ အလုပ် မဖြစ်ခဲ့ကြပါဘူး။

နိုင်ငံရေးမှာ အရူးကွက်နင်းတဲ့ သီအိုရီ (Madman Theory) ဆိုတာ ရှိပါတယ်။ ဒီသီအိုရီကို အမေရိကန်သမ္မတ ရစ်ချတ်နစ်ဆင် (Richard Nixon) က စတင် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒီသီအိုရီရဲ့ သဘောတရားက ရန်သူက ကိုယ့်ကို လုပ်ချင်ရာ လျှောက်လုပ်တတ်တဲ့ အရူးတစ်ယောက်လို့ အထင်ရောက်လာအောင်လုပ်တဲ့ သီအိုရီတစ်ခုပဲ ဖြစ်ပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်သမ္မတဟာ စစ်ပွဲ အနိုင်ရရှိရေးအတွက် မထင်ရင် မထင်သလို နူကလီးယားလက်နက်ကိုပါ ထုတ်သုံးနိုင်တယ်လို့ ထင်မြင် ယူဆလာအောင် လုပ်ဆောင်ခဲ့တဲ့ ဥပမာနဲ့ နှိုင်းယှဉ်ပြလေ့ ရှိပါတယ်။ ဒီလို မထင်ရင် မထင်သလို လုပ်ရပ်ကြောင့် တစ်ဖက်ရန်သူက ကြောက်ရွံ့စိုးရိမ်ပြီး အလျှော့ပေးလာမယ်လို့ သီအိုရီက ဆိုပါတယ်။ လက်ရှိ အမေရိကန်-အီရန်စစ်ပွဲကို ကြည့်ရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အီရန်အပေါ်မှာ Madman Theory ကို အသုံးပြုပြီး ခြောက်လှန့်တာတွေ၊ စစ်ဆင်ရေးလုပ်တာတွေကို ဆက်တိုက် အသုံးပြုခဲ့တာကို တွေ့နိုင်ပါတယ်။

ဒါပေမယ့် သေချာတာတစ်ခုကတော့ အရူးကွက်နင်းတဲ့ သီအိုရီဟာ သိပ်ပြီး မထူးချွန်တဲ့ လူတချို့အပေါ်မှာသာ ထိရောက်မှာ ဖြစ်ပြီးတော့ စဉ်းစားတွေးခေါ်‌ မြော်မြင်တတ်တဲ့ ခေါင်းဆောင်တွေနဲ့ စိတ်ဓာတ်ခိုင်မာ ပြတ်သားတဲ့သူတွေအပေါ်မှာတော့ မစူးရှလှပါဘူး။ ဒီသီအိုရီရဲ့ အောင်မြင်မှု ရာခိုင်နှုန်းကလည်း အလွန်ပဲ နည်းလှပါတဘ်။ ဗီယက်နမ်စစ်ပွဲမှာ ဒီသီအိုရီ အလုပ် မဖြစ်ခဲ့သလို လက်ရှိ အမေရိကန်-အီရန်စစ်ပွဲမှာလည်း စစ်ရေး အကျိုးကျေးဇူးထက် စီးပွားရေး အကျိုးကျေးဇူး တချို့အတွက်သာ ထိရောက်မှု ရှိခဲ့တာကို မြင်တွေ့ ရပါတယ်။

လက်ရှိ အာရက္ခပြည်အပေါ်မှာ မင်းအောင်လှိုင်နဲ့ ရဲဝင်းဦးဟာ Madman Theory နဲ့ အရူးကွက်နင်းပြီး စစ်ရေးဖိအားတွေ ပေးနေတာ တွေ့ရပါတယ်။ ချင်းပြည်တောင်ပိုင်း၊ အမ်း-ပဒါန်း၊ တောင်ကုတ်-ပန်းတောင်းလမ်း၊ မင်းဘူးလမ်းနဲ့ ဂွ-ငသိုင်းချောင်းလမ်းတို့ကနေ ဟန်ရေးပြလိုက်၊ ရေကြောင်းက ဟန်ရေးပြလိုက်၊ လေကြောင်းတွေနဲ့ မထင်ရင် မထင်သလို တိုက်ခိုက်လိုက်နဲ့ အာရက္ခတပ်တော်ကို အတုအယောင် စားပွဲဝိုင်းဆီ ရောက်လာအောင် ဖိအားပေးနေတာကို တွေ့မြင်နေရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ အာရက္ခတပ်တော် (AA) ဟာ အာရက္ခပြည်သူတွေ အသက်နဲ့ ရင်းထားရတဲ့ အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးကို ဘာကြောင့်မှ အထိခိုက်ခံမှာ မဟုတ်ဘူးဆိုတာပါပဲ။ ပြီးတော့ ဒီရုံမြင်လို့ ဒီခြုံထွင်တတ်တဲ့ စစ်အုပ်စုရဲ့ မည်းပြာပုဆိုး ခေါက်ရိုးကျိုး ဗျူဟာတွေကိုလည်း အာရက္ခတပ်တော် ခေါင်းဆောင်တွေက နောကြေနေပြီး ဖြစ်ပါလိမ့်မယ်။

အာရက္ခပြည်ရဲ့ ပထဝီနိုင်ငံရေး အားသာချက်တွေ၊ သယံဇာတတွေနဲ့ အာနာဂတ် အလားအလာကောင်းတွေကို ဘာမှ မသက်ဆိုင်တဲ့ စစ်အုပ်စုကတောင် ဒီလောက်ထိ သွားရည်တမြမြနဲ့ လိုချင်တပ်မက်ပြနေရင် ပိုင်ရှင်အမှန် အာရက္ခတပ်တော်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ အာရက္ခပြည်သူတွေက ဘယ်လောက်ထိ နှမျောတသ လိုက်လေမလဲဆိုတာကို ကိုယ်ချင်းစာ ကြည့်တတ်ဖို့ လိုအပ်ပါတယ်။ လက်ရှိ အာရက္ခပြည်ဟာ လွန်ခဲ့တဲ့ ရာစုတစ်ခုခန့်လောက်က အာရက္ခပြည် မဟုတ်တော့သလို အာရက္ခတပ်တော် ခေါင်းဆောင်တွေဟာလည်း ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုတွေ မဟုတ်ကြတော့ဘူး ဆိုတာကို နားလည်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်အနေနဲ့ သွေးညှီနံ့သင်းနေတဲ့ အပစ်ခတ် ရပ်စဲရေး စကားဝိုင်းကို သွေးညှီနံ့ကင်းပြီး စေတနာမှန်အောင် အရင် ကြိုးစားကြဖို့ တိုက်တွန်းရမှာပဲ ဖြစ်ပါတယ်။ ။

ရီရီလှိုင်(ကစ္ဆပမြီ)

Related posts

လေးမျက်နှာတွင် AA နဲ့ စကမတို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

AA အနေနဲ့ သိမ်းပိုက်နယ်မြေ ပြန်မပါဖို့ ကာတိုက် တိုက်နေရမယ်လို့ ဦးကြီးမြင့်ပြော

Rakhita Times

ဂွမြို့နယ်တွင် ခိုးခုတ်ထားတဲ့ သစ် မြောက်များစွာတွေ့ရတယ်လို့ AA ပြော

Rakhita Times

Leave a Comment