ArticelsLife StylePolitic

“ဂွာနိကား (Guernica) သို့ တိုင်တည်ခြင်း”

ရင်ငြိမ်းမြို့

“သိပ်လှတဲ့ ကမ္ဘာကြီးရေ…

တရားဓမ္မကို ကဗျာတစ်ပုဒ်လို ရွတ်လိုက်တယ်

ဖက်ဆစ်တွေ ကျဆုံးခန်းအကြောင်း

နေမဝင်အင်ပါယာကြီး နေကွယ်သွားခဲ့တဲ့အကြောင်း

ပြီးတော့…

အာဏာရူးတွေရဲ့ စက်စပ်ရွံရှာဖွယ် နိဂုံးချုပ်တွေအကြောင်း…။ ”

‌အာရက္ခလေညင်းထဲ ဖက်ဆစ်ရနံ့တွေ ကင်းခဲ့ပြီ။ ရက္ခိင်ရိုးမကို စုန်လာတဲ့ ဖက်ဖူးရောင် လေနုအေးဟာ ကစ္ဆပနဲ့ အဉ္ဇနဆီသို့ ညင်ညင်သာသာ၊ ယုယုယယ ထိတွေ့ ပွေ့ဖက်လိုက်တယ်။ ကျောချင်းကပ်ထားရင်း ရင်ခုန်သံကို ကြားနေကြရသလို ဘဝနာသံတွေကိုလည်း ကြားနာခဲ့ကြရရဲ့။ ညရေးညတာ ကြောက်ရတဲ့ မကောင်းဆိုးဝါးအတိတ်ကို ကမ်းကခွာပြီး ဟောဒီလှေကလေးဟာ အာရက္ခရိုးမနဲ့ အာရက္ခပင်လယ်ပြင်ကို ရဲရင့်ခြင်းအလံတော် လွှင့်လိုက်တယ်။

ကြည့်စမ်း။ လှလိုက်တဲ့ အာရက္ခမြေ။ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်တဲ့ အဖမြေမှာ အတိတ်ဟာ အတိတ်အလျှောက်၊ ပစ္စက္ခဟာ ပစ္စက္ခအလျှောက်၊ အနာဂတ်ဟာ အနာဂတ်အလျှောက် စီးဆင်းလို့။ ဒီမြေဟာ အောင်မြေပဲ။ တရားနဲ့ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အာရက္ခနိုင်ငံတော်သီချင်းကို ဆိုလို့။ ပထဝီမြေကြီးပေါ်မှာ ခေတ်သစ်မြေပုံညွှန်းတွေ အပ်ကြောင်းရာတွေ ထင်လို့။ စက္ကန့်လက်တံထက် မြန်ဆန်တဲ့ခေတ်စနစ်မှာ ဘင်္ဂလားပင်လယ်အော်ရဲ့ လှိုင်းပုတ်သံက ပထဝီနိုင်ငံရေး ကဗျာတွေ ဖြစ်လို့။

သိပ်လှတယ် ကမ္ဘာကြီးရေ။

ဟောဒီ အဖမြေမှာ ဘုရင်မင်းထီးရဲ့ လက်ညှိုးတစ်ချောင်း ရှိခဲ့တယ်။ အဖမြေဟာ ဆိုခဲစေ၊ မြဲစေ မြေ။ အဖမြေဟာ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိခဲ့တဲ့ မြေ။ ဟန်မူရာဘီရဲ့ ကိုဓဥပဒေကိုတောင် မှတ်ကျောက် အကြိမ်ကြိမ် စစ်ပြီး ခြွင်းချက်ထားခဲ့တဲ့ မြေ။ ဒီမြေကို ရှေးခေတ် အာရက္ခကြီးတွေ ပန္နက်စိုက်ခဲ့ကြတယ်။ ဒီမြေမှာ ရက္ခ၊ ရက္ခိုက်၊ ရက္ခို၊ ရက္ခိုင်၊ ရက္ခိုင် ဆိုတဲ့ ဆင့်ကဲ ပြောင်းလဲခြင်း အမည်နာမကို ရှေးခေတ် အာရက္ခကြီးတွေ ပညတ်ခဲ့ကြ။ ဒီမြေဟာ မဟိံသက၊ ဒီမြေဟာ အာရက္ခဒေသျှ၊ ဒီမြေဟာ ခရိုင်ဇီနဲ့ အာဂျ‌ရေ၊ ဒီမြေဟာ အမျိုး၊ သီလ၊ နှစ်ဌာနကို စောင့်တဲ့မြေ။

ဒီမြေမှာ ကိုယ်တို့ဘိုးဘွားတွေ ထီးနန်းစိုက်ခဲ့ကြ။ ဒီမြေမှာ အာရက္ခကမ္ဗည်းကို ရဲရင့်ပြတ်သားစွာ စိုက်ထူခဲ့ကြ။ ဒီမြေဟာ တော်လမီရဲ့ ပထဝီကျမ်းဦး ခေါင်းထိုးခဲ့ရာမြေ။ ဒီမြေဟာ မာရယုရဲ့ ဓားမဦးချမြေ။ ဒီမြေဟာ မန်နရိတ်မှတ်တမ်းထဲက အာရှရဲ့ ဗင်းနစ် မြို့လိုမြေ။ ဒီမြေဟာ မင်းရာဇာကြီးရဲ့ စစ်ချီသံတွေ ပျံ့လွင့်ခဲ့ရာမြေ။ ဒီမြေဟာ ဘင်္ဂါ (၁၂) နယ်ကို ဦးညွတ်စေခဲ့တဲ့ မင်းဗာဘုရင်ရဲ့မြေ။ ဒီမြေဟာ ဖဒူမင်းညိုရဲ့ ဆယ့်နှစ်လရာသီ အလွမ်းဘွဲ့မြေ။ ဒီမြေဟာ မိပန်းရံရဲ့ ရက္ခိုင့်အောင်လံတော် လွှင့်ထူရာမြေ။ ဒီမြေဟာ အမတ်ကြီး ဓမ္မဇေယျရဲ့ ဗြည်းသုံဆယ့်သုံးလုံး လှေတော်သံမြေ။ ဒီမြေဟာ မင်းခရီရဲ့ သစ္စာတရားတွေ ဓားသွားလိုထက်ခဲ့တဲ့ မြေ။ ဒါပေမယ့် ဒီမြေဟာ ငသံဒေနဲ့ စံရဖွေရဲ့ သွေးပုပ်သွေးယုတ်တွေ သမိုင်းရိုင်းခဲ့တဲ့ မြေ။ ဗိုလ်ချင်းပြန် နှလုံးသွေးနဲ့ တော်လှန်ကဗျာတွေ ပွင့်လန်း လာခဲ့ရာမြေ။ မြို့သူကြီးအောင်ကျော်ဇံရဲ့ အရိုးတွန်ခဲ့ရာမြေ။

သိပ်လှတဲ့ ကမ္ဘာကြီးရေ….

အာရက္ခတွေဟာ မိုင်ထောင်ချီခရီးကို ဖြတ်ကျော်လာရတဲ့ ကြိုးကြာငှက်တွေပါကွယ်။ ဇာတိမြေဆီ အရောက်ပြန်လာတဲ့ ချစ်တတ်သော ဆော်လမွန်ငါးတွေပါ။ ဒီမြေဟာ နှစ်ဆယ့်တစ်ရာစုရဲ့ လွတ်လပ်ရေး အောင်လံတော်ကို လွှင့်ထူဖို့ ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီး သစ္စာဆိုကြတဲ့ မြေပါကွယ်။

အနုပညာမှာ ဒဏ်ရာတွေ ရှိတတ်တယ်ကွယ့်။ ကျောက်ကောင်းတစ်ပွင့်မှာ နှစ်ပေါင်းများစွာ အမြုတေခဲ့ရတဲ့ ဖိအားတွေ ပါလိမ့်မယ်။ ကမ္ဘာကြီးမြေကြီးက တရားမျှတမှုကို လူတိုင်းအတွက် ပေးအပ်ခဲ့ပေမယ့် မိစ္ဆာတွေကတော့ မရကြဘူး မဟုတ်လား။ မေတ္တာတရား မရှိသူတွေမှာ သစ္စာတရား မရှိဘူး။ အတ္တဗဟိုပြုသူတွေမှာ ကိုယ်ချင်းစာတရား မရှိဘူး။ အာရက္ခတွေ သိရှိခဲ့သမိုင်းဟာ အသက်တွေ၊ ကိုယ်လက်အင်္ဂါတွေနဲ့ ရင်းခဲ့ရတဲ့ အသိတရားတွေပဲ။ မင်းသားမျက်နှာဖုံးတွေရဲ့ နောက်ကွယ်မှာ သွေးစွန်းနေတဲ့ အစွယ်တွေ ရှိရဲ့။ လောကကြီးက တရားမျှတပါတယ် ကမ္ဘာကြီးရယ်။ လူတချို့ကသာ အာဏာရူးကြတာလေ။

သိပ်လှတဲ့ ကမ္ဘာကြီးရေ…

ပီကာဆိုရဲ့ ဂွာနိကားလို လေကြောင်းတိုက်ခိုက်မှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ပစ်ရမယ်။ သွေးစက်တွေရဲ့ အနီရောင်ကို ဖုံးကွယ်ဖို့ အဖြူနဲ့ အမည်းဟာ အကောင်းဆုံးပဲ မဟုတ်လား။ ဒါဟာ မိုက်ကယ်ဂျက်ဆင်ရဲ့ Black and White မဟုတ်ပါဘူး။ ဂွါနိကားမြို့ကလေးမှာ လူတွေဟာ ဈေးသည်တွေအဖြစ်အော်ဟစ်လို့၊ အင်ဂျင်စက်သံ၊ ဟွန်းသံ၊ လက်ဖက်ရည်ဆိုင်က စားပွဲထိုးရဲ့ အသံ၊ ဗျစ်ရည်ဆိုင်ထဲမှာ ဖန်ခွက်တိုက်သံ၊ ကလေးငိုသံနဲ့ မိခင်သားချော့တေးသံ၊ စာပို့သမားရဲ့ အိမ်တံခါးခေါက်သံ၊ ချစ်သူတို့ရဲ့ ရင်လှိုက်ဖိုသံ၊ ကင်းဗတ်ပေါ် စုတ်ချက်ထိခတ်သံတွေ ရိုးရိုးသားသား။ နိစ္စဓူဝတွေဟာ နိစ္စဓူဝအတိုင်း ဖြစ်တည်ခဲ့ပေမယ့် စစ်မိစ္ဆာတွေရဲ့ စစ်ပစ်ကွင်း ဖြစ်ခဲ့ရသတဲ့လေ။ ၁၉၃၇၊ ဧပြီ (၂၆) ဟာ စစ်အာဏာရူးတွေရဲ့ သွေးစွန်းသမိုင်း တင်တဲ့နေ့။ 

“သိပ်လှတဲ့ ကမ္ဘာကြီးရေ…

အာဏာရှင် စစ်မိစ္ဆာတွေကို ဆန့်ကျင်ရမယ်

မတရားမှုတွေကို တွန်းလှန်ရမယ်

ညီမျှခြင်းအတွက် မလျှော့တဲ့ဥဒါန်းကို ရင့်ရမယ်

မိစ္ဆာကောင်တွေရဲ့ လမိုက်ညအူသံကို

အရုဏ်ဦးနဲ့ ဆေးကြောပစ်ရမယ်..”

ကမ္ဘာကြီးပေါ်မှာ ဟစ်တလာ မူလလက်ဟောင်းတွေ ပျောက်ခဲ့သလို ကမ္ဘာကြီးပေါ်မှာ ဟစ်တလာ လက်သစ်တွေ ပေါ်လာခဲ့ကြရဲ့။ ကမ္ဘာကြီးပေါ်မှာ ဖက်ဆစ်စနစ်တွေ ပျောက်ကွယ်ခဲ့သလို ဖက်ဆစ်အသစ်တွေ ပြန်လည် ရှင်သန်လာကြရဲ့။ ကမ္ဘာမြေပေါ် တရားမျှတမှုတွေ ပွင့်လန်းဖို့၊ အဖမြေမှာ လွတ်လပ်ရေးအိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ ဆုတာင်းရုံနဲ့ မရဘူး မဟုတ်လား ကမ္ဘာကြီးရေ။

အာဏာရူးတွေမှာ ငါဆိုတဲ့ အတ္တကလွဲပြီး ဘာမှ မရှိဘူး။ အာရက္ခမြေမှာ လေညင်းတွေ မလတ်ဆတ်ခဲ့တာ ရာစုနှစ်တွေ ကြာခဲ့ပေါ့။ အသက်ရှူလိုက်တိုင်း သွေးရနံ့မွှန်တဲ့ အာဏာရူးတွေ ပါးစပ်မှာ ပေါင်ဒါလိမ်းထားတဲ့ စကားလုံးတွေ ရှိတယ်။ ကောက်ကျစ်မှုတွေ တွင်းဆုံးကျတဲ့ ရာသီမှာ သူတို့ ပျော်ကြတယ်။ ငရဲပန်းတွေကို လောဘတကြီး ပန်ဆင်ကြတယ်။ ပုပ်အက် နံဟောင်စွာ လှကြတယ်။ သူတို့တွေလေ…အာဏာရူးတွေပေါ့…။ ပြီးတော့ အာရက္ခပြည်ကို ဂျာမနီ Dresden Bombing လို၊ ပီကာဆိုရဲ့ ဂွာနိကားလို ရက်စက်လိုက်ကြပုံများကွယ်။ တစ်နေ့ပေါ့…အားကြီးသူ နိုင်စတမ်းပြိုင်ပွဲဟာ သမိုင်းထဲမှာ ကျန်ခဲ့ပြီဖြစ်ကြောင်း အာဏာရူးတွေ သိအောင် ပြသရမယ်။

“သိပ်လှတဲ့ ကမ္ဘာကြီးရေ…

အာရက္ခတို့ရဲ့ တရားသောစစ်ကို အောင်မြင်ပါစေ

အာဏာရူးတွေ ကျရှုူံးပါစေ

ပြီးတော့ …

ဝံလက်တွေ အမြင့်ပျံနိုင်ပါစေ…။ ”

‌အာဏာတွေနဲ့ ဗုံးမိုးရွာနေတဲ့ စစ်မိစ္ဆာတွေကို အာရက္ခပြည်က ငြိမ်းချမ်းရေး သံလွင်ခက်နဲ့ ဆီးကြိုရဦးမှာလား။ မှန်တစ်ချပ်ရဲ့ ဥပမာလိုပဲ စစ်မိစ္ဆာတွေရဲ့ ရက်စက်မှုတွေဟာ အာရက္ခပြည်မှာ အရိပ်ထင်လိမ့်မယ်။ အချစ်ဟာ အချစ်နဲ့ တူသလို စစ်ဟာလည်း စစ်နဲ့ တူလိမ့်မယ်။ သူရဲကောင်းတွေက အချစ်ကိုရော စစ်ကိုပါ တရားသောဖက်က တိုက်ကြတယ်။ အာရက္ခသမိုင်းမှာ ကျူးကျော်စစ် မရှိဘူး။ တွန်းလှန်စစ်ပဲ ရှိတယ်။ ကျွန်ပြုစစ် မရှိဘူး။ လွတ်လပ်ရေးစစ်ပဲ ရှိတယ်။ ဖိနှိပ်စစ် မရှိဘူး။ တော်လှန်စစ်ပဲ ရှိတယ်။

အာရက္ခတွေဟာ စကားမကြွယ်ဘူး။ ကတိသစ္စာ ကြွယ်ဝတယ်။ အာရက္ခတွေမှာ ကောက်ကျစ်စဉ်းလဲတဲ့ နှလုံးသား မရှိဘူး။ ရာစုနှစ်ပေါင်းများစွာမှာ ဒီတစ်ကြိမ်ဟာ အာရက္ခရဲ့ လွတ်လပ်ရေးရနံ့ကို သက်ရှိထင်ရှား ရှူရှိုက်ရတဲ့ ကာလပေါ့။ မက်ခဲ့သမျှ အိပ်မက်တွေ မနက်အရုဏ်နဲ့ နိုးထ ပျောက်ကွယ်ရခြင်းကို အဆုံးသတ်ခဲ့ပြီ။

သိပ်လှတဲ့ ကမ္ဘာကြီးရေ…

လူတချို့က အလှဆင်ကြတယ်

လူအများစုက ဖျက်စီးကြတယ်

ဘုရားဝတ်ပြုချိန်နဲ့ ဆုတောင်းချိန်

ဘယ်အချိန်က ပိုများနေကြရဲ့လဲ

တစ်နေ့ပေါ့…

ရက္ခိုင်ရိုးမရဲ့ တစ်နေရာမှာ

စစ်မိစ္ဆာတွေရဲ့ ရက်စက်မှုကို

သွေးညှီနံ့တွေ၊ မီးခိုးငွေ့တွေ ရှိုက်ငိုသံတွေနဲ့ ပြသဖို့

နယ်ခြားကဗျာတစ်ပုဒ် စိုက်ထူရမယ်

အဲဒီမှာ

ပီကာဆိုရဲ့ ဂွာနိကားကို

Black and White အဖြစ် ရေးဆွဲရမယ်။ ။

Related posts

ပလက်ဝကိစ္စ ပလက်ဝမှာရှိတဲ့ ပြည်သူတွေကပဲ ဆုံးဖြတ်မှာ

Rakhita Times

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်သေး

Rakhita Times

နေပြည်တော်၊ မန္တလေးနဲ့ ပဲခူးတို့မှာ ယနေ့ ငလျင်အသင့်အတင့် ၆ ကြိမ်လှုပ်ခတ်

Rakhita Times

Leave a Comment