တဖြောက်ဖြောက် ကြွေကျနေသော စက်တင်ဘာမိုးသည် သူရဲကောင်းတစ်ဦးအတွက် ဝမ်းနည်းမျက်ရည် ဖွဲ့ငိုနေသလို ရှိသည်။ အခန်းအပြင်၌ ရွာနေသော ထိုမိုးစက်ကလေးများသည် သစ်ရွက်ပေါ်မှတဆင့် မြေကြီးသို့ ကြွေကျနေကြခြင်း ဖြစ်သည်။ သည်မိုးနှင့်အတူ လွန်ခဲ့သော နှစ်အနည်းငယ်က ကျွန်တော်ရေးသားခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ကို ရေရွတ်နေမိသည်။
စက်တင် ကိုးရက်
မျက်ရည်နဲ့ မိုးစက်
ရောယှက်စီးဆင်း
အာရှ၏ အလင်း
သူရိယနေတစ်စင်း
ကြွေကျလေ ခြင်း……….။ဆိုသည့်( စက်တင်ဘာမျက်ရည်) ကဗျာကလေးပင် ဖြစ်သည်။
ခါတိုင်းနှစ်များက သည်အချိန်မျိုးဆိုလျှင် စစ်တွေမြို့တစ်ခုလုံး တက်ကြွနေကြပြီ ဖြစ်သည်။ အသင်းအစု အဖွဲ့ကလေးများ၊ စာသင်ကျောင်းများတွင် လှပခမ်းညားသော ပန်းခွေများကို အားတက်သရော ပြုလုပ်နေကြပြီ ဖြစ်သည်။ မြို့အနှံ့ ကြားနေရသော ဦးမောင်သိန်း၏ “ရက္ခိုင့် အာဇာနည်” ဆိုသည့် သီချင်းကို ကြားနေရချေပြီ။
ဤသီခြင်းကို နားထောင်လိုက်ရလျှင် အသွေးအသားများထဲမှ စိမ့်ထွက်လာသော ဇာတိသွေး၊ ဇာတိမာန်များ တက်ကြွလာသည်။ ရက္ခိုင်ဖြစ်ရခြင်းအပေါ်၌ ဂုဏ်ယူဝင့်ကြွားစေသည်။ ကွယ်လွန်သူ တေးရေးဆရာ ဦးမောင်သန်း၏ ပြောင်မြောက်လှသော အနုပညာ ဖန်တီးမှုများထဲတွင် ဤသီချင်းသည်လည်း တစ်ပုဒ်အပါဝင် ဖြစ်ခဲ့သည်။
သို့သော် ယခုနှစ် ၈၆ နှစ်မြောက် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူနေ့တွင်ကား စစ်တွေမြို့ခံများ၊ အသင်းအဖွဲ့ များအနေဖြင့် ဆရာတော်၏ ကျေးဇူးတရားကို ဝမ်းနည်းအောက်မေ့၊ သတိရဖွယ် ပူဇော်ကန်တော့နိုင်ကြမည် မဟုတ်ပေ။ ဆရာတော်မွေးဖွားရာ၊ ဆရာတော်၏ ရုပ်တုတော် စိုက်ထူရာ မြို့တော်စစ်တွေသည်ကား စစ်၏ တွယ်ကပ်လာမှု ဒဏ်ကြောင့် ဘေးဒုက္ခသင့်လျှက်ပင် ရှိသည်။
၁၉၄၇ ခုနှစ် အစည်းဝေးတစ်ခုမှ စက်တင်ဘာလ ၉ ရက်နေ့ကို ဆရာတော်ဦးဥတ္တမနေ့အဖြစ် သတ်မှတ် ခဲ့ကြသည်။ မြန်မာနိုင်ငံအတွက်၊ မြန်မာလူထုတစ်ရပ်လုံးအတွက် လွတ်လပ်ရေး ကျေးဇူးကြီးမားခဲ့သော ဆရာတော်ဦးဥတ္တမသည် ၁၉၃၉ စက်တင်ဘာလ ၉ ရက်နေ့၊ သက်တော် ၆၀၊ သိက္ခာတော် ၄၁ ဝါမှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
ဆရာတော်ဦးဥတ္တမက မြန်မာလူထု၊ မြန်မာနိုင်ငံအပေါ် ကျေးဇူးကြီးမားခဲ့သည်ကိုကား အထူးမပြောလိုတော့ပါ။ သို့သော် ဆရာတော် မပျံလွန်မီ ၂ နှစ်အလို ၁၉၃၇ ခုနှစ် များဆီကို ကျနော် ပြန်လည်မြင်ယောင်တွေးတော မိပါသည်။
ဟောင်းနွမ်းစုတ်ပြတ်နေသော အရောင်နွမ်းနွမ်း သင်္ကန်းတော်ကို ဝတ်ထားသည်။ သင်္ကန်း၊ သင်းပိုင်များများ၏ အောက်အနားများသည် တွန့်လိမ်ကောက်ကွေးလျှက် အပေါ်ကို လိပ်တက်နေကြသည်။ အသားညိုညို၊ အရပ် ၅ ပေ ၄ လက်မနီးပါးရှိသော ရဟန်းတော်တစ်ပါးသည် ရန်ကုန်လမ်းများပေါ်မှာ လျှောက်သွားနေသည်။
တချို့က အရူးဟု သတ်မှတ်ထားကြသည်။ အထူးသဖြင့် ဝံသာနုတို့က ဆရာတော်ကို သူပုန်ဟု စွပ်စွဲကြခဲ့သလို၊ အရူးဟုလည်း သမုတ်ထားခဲ့ကြခြင်းပင် ဖြစ်သည်။ အမှန်စင်စစ် “ဝံသာနုတရား” ဟု ခေါ်သည့် “မိမိနိုင်ငံနှင့် လူမျိုးကို အစဉ်စောင့်ရှောက်ခြင်းဟူသော စကားလုံးများ၊ တရားများကို မြန်မာ့မြေပေါ်၌ ပထမဆုံး ဟောကြားခဲ့သူမှာ ထို ရဟန်းတော် ဦးဥတ္တမပင် ဖြစ်သည်။
၁၈၈၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် မြန်မာဘုရင် သီပေါနှင့် မိဖုရားတို့အား အင်္ဂလိပ်တို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အချုပ်အခြာ အာဏာ ကျဆုံးခဲ့သည်။ ထိုအချိန်မှ စပြီး အင်္ဂလိပ်အုပ်ချုပ်သူတို့ကို မော်မကြည့်ရဲခဲ့ကြသော မြန်မာလူမျိုးတို့ကို ပထမဆုံးသော နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး တရားတို့ကို ဟောခဲ့သော ရက္ခိုင်လူမျိုး ရဟန်းတော်ပင် ဖြစ်သည်။
နောက်တချိန်တွင် “သခင်မျိုးဟေ့ တို့ဗမာ” ဟု ကြွေးကြော်ကြမည့် မျိုးချစ်များ၏ ရှေ့ဆောင်လမ်းပြသူလည်း ဖြစ်သည်။ အင်္ဂလိပ် ဘုရင်ခံချုပ်ကို မြန်မာပြည်က နှင်ထုတ်သည်။ အင်္ဂလိပ်တို့ ဆောင်ရွက်သမျှကို ကန့်ကွက်ခဲ့သည်။
၁၉၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီး YMBA အသင်ကြီးကို ကူညီခဲ့သည်။ ထိုအချိန်က YMBA အသင်းသားများသည် ဘာသာစကား ၉ မျိုးကို တတ်ကျွမ်းပြီး ကမ္ဘာ့နိုင်ငံများကို လှည့်လည်နေကာ နိုင်ငံရေးနှင့် ဖွံဖြိုးတိုးတက်မှုများကို လေ့လာနေသော ဆရာတော်ကို အထူးပင် ကြည်ညိုခဲ့ကြသည်။
“သာသနာ ကြီးပွား ထွန်းကားစေချင်တဲ့ ဆန္ဒဟာ ငါ့စိတ်ထဲမှာ မင်းတို့ထက် ပိုပြီး ရှိပါတယ်။ ငါ ဂျပန်ပြည်မှာနေပြီး ပထမအကြိမ် ကမ္ဘာကို လှည့်စဉ်က ဒီစေတနာနှင့် သွားတာ အမှန်ပဲ။ သို့သော် ဥရောပတိုက်မှာရှိတဲ့ သခင်တိုင်းပြည်တွေက တို့ဗုဒ္ဓဘာသာတရား ကောင်းတာမှန်ပေမယ့် ယခုနေခါမှာ ကျွန်လူမျိုးတို့ သာသနာဖြစ်နေလို့ လက်မခံချင်ကြဘူး။ လက်ခံရမှာ ရှက်ကြတယ်။ အဲဒီကတည်းက ငါတို့တိုင်းပြည်ကို လွတ်လပ်အောင်လုပ်ပြီးမှ သခင်အဖြစ်နှင့် သာသနာပြုတော့မည်လို့ ဆုံးဖြတ်ခဲ့တယ်” (ဦးဥတ္တမ) ဤကဲ့သို့ သာသနာ့အပေါ်၊ တိုင်းပြည်နှင့် လူမျိုးပေါ်ထားသော ဆရာတော်စိတ်ဓာတ်များသည် မြန်မာလူထုအတွက် တော်လှန်ရေး အားဆေး ဖြစ်ခဲ့သည်။
သို့သော် ယခုမူကား ထိုသို့သော ဆရာတော်သည် လမ်းတကာ၌ နှုတ်ဆက်မည့်သူ မရှိ။ ကွမ်း၊ ဆေး ဆက်ကပ်မည့်သူ မရှိ။ လမ်းဘေးလေလွင့်နေသော ဂီလာနရဟန်းတော်ပင် ဖြစ်နေလေခဲ့ပြီ။ လမ်းလျှောက်သွားရင်း အသိမိတ်ဆွေတချို့ အိမ်ရှေ့၌ ရပ်ကာ အိမ်တံခါးကို “ခေါက်” သည်။ အိမ်အတွင်းမှ အပြင်ကို လှမ်းကြည့်ပြီး ဆရာတော်ကို မြင်လိုက်လျှင် အိမ်တံခါးများ ပိတ်သွားကြသည်။
အသက်ရွယ်အားဖြင့် အိုမင်းရင့်ရော်ခဲ့ပြီဖြစ်သော ဆရာတော်သည် ဆီးချိုနှင့် ခြေထောက်ကင်ဆာ ဝေဒနာကို ပြင်းစွာ ခံစားနေပြီလည်း ဖြစ်သည်။ ယခင်က တပည့်တကာများ ဝိုင်းဝိုင်လည်ကာ နိုင်ငံရေးတရား စင်မြင့်ပေါ် မှ ရဲရဲတောက်နိုင်ငံရေး မိန်းခွန်းများပြောကြာခဲ့သော ဆရာတော်နှင့်ကား လုံးဝ ခြားနားခဲ့ပါပြီ။
ဆင်းရဲခြင်း၊ ပြုစုစောက်ရှောက်မည့်သူ မရှိခြင်း၊ ဆွမ်း၊ ကွမ်း ကပ်လှူမည့်သူ မရှိခြင်းတို့ကြောင့် ဆရာတော်မှာ အင်အားနည်းကာ တစ်ခါတရံ လမ်းပေါ်၌ မေ့မြော့လဲကျတတ်သည်။ သို့သော် သတိရလာအချိန်တွင် ပြန်ထပြီး မိမိ ဦးတည်ရာကို လျှောက်သွားပြန်သည်။
ဤဆရာတော် ယခုကဲ့သို့ ဒုက္ခနေခြင်းသည် ငွေကြေးမရှိ၍မဟုတ် ခြိုးခြံချွေတာပြီး ရည်မှန်းချက် အတွက်ပင် ဖြစ်သည်။ ဆရာတော်၌ ရံပုံငွေတရပ် တည်ထောင်ထားပြီး ထိုရံပုံငွေတွင် ထိုခေတ်က ငွေ ၆၀၀၀၀ ကျပ်ခန့် ရှိသည်။ ထိုငွေများနှင့်ပင် ဆရာတော်သည် ကျောင်းကန်ဆောက်လုပ်ပြီး ဆွမ်း၊ ကွမ်း၊ ဆေးမှန်အောင် ဆောင်ရွက် နိုင်သည်။ သို့သော် ဆရာတော်သည် ထိုသို့ ကိုယ်ကျိုးမရှာခဲ့။ ထိုရံပုံငွေများကို
(၁) ဗမာလူမျိုးတွေထဲမှာ မကောင်းတဲ့ အပြုအမူတွေကို သုတ်သင်ရေးကိစ္စ၊ ရဟန်းတု၊ ရဟန်းယောင်များကို သုတ်သင်ရေး ကိစ္စများမှာ အသုံးပြုရမည်။ ဒီသုတ်သင်ရေးကိစ္စဆိုတာက မကောင်းတဲ့ အပြုအမူ အလေ့အကျင့်တွေကို ထုတ်ဖော်ရေးသားပြီး စာအုပ်စာတမ်း ထုတ်ဝေမည်။ ဒီလိုလုပ်လို့ မသူတော်တွေက ကျုပ်ကို သတ်ရင်လည်း သေပါစေတော့။ အသက်အရွယ်လည်း ကြီးပါပြီ။ မကြောက်တော့ပါဘူး။
(၂) ဘာသာတရားကို ချီးမြှင့် မစခဲ့သော အိန္ဒိယနိုင်ငံကြီးမှာ ယခုအခါ ဗုဒ္ဓဘာသာ ပိဋကတ် ကျမ်းစာများ ကွယ်ပနေပြီ။ ဒီတော့ကာ ကျုပ်တို့က ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယမှာ သာသနာပြုရမည်။ ပထမလိုရင်းကတော့ ပါဠိ ပိဋကတ်တော်ကို အိန္ဒိယနိုင်ငံ၏ တိုင်းရင်ဘာသာ နာဂရီ (ဟိန္ဒီ) အက္ခရာနှင့် ပြန်ဆိုပြီး ပိဋကတ်သုံးပုံ မူလ ကျမ်းစာတစ်စုံ ထွက်အောင် လုပ်မည်။ တိုင်းရင်း အက္ခရာနှင့် ပိဋကတ်စာမူ ရှိနေရင် လိုလားတဲ့ တိုင်းရင်းသားတွေ သင်ကြားရ လွယ်ကူသွားလိမ့်မည်။
(၃) ရာဟုလဘိက္ခု ကြံစည်သည့်အတိုင်း နာလန္ဒမှာ ဗုဒ္ဓသာသနာပြု “နာလန္ဒသိပ္ပံ” ကျောင်းတော်ဖြစ်ရင် ငါက အနည်းဆုံး တသောင်းတန် အဆောက်အအုံတခု ဆောက်လုပ်ပေးမည်။ ဒါဟာ ငါရည်ရွယ်ထားတဲ့ ပထမ လုပ်ငန်းပါပဲ” ဟု မိန့်တော်မူခဲ့သည်။ ဒီစကားဟာ ဆရာတော်က မိဂဒါဝုန် ဦးကိတ္ထိမာ ကို မိန့်ကြားခဲ့တဲ့ စကားပဲ ဖြစ်ပါတယ်။
ဤစကားကို ကြည့်ခြင်းအားဖြင့် ဆရာတော်ဦးဥတ္တမဟာ အမျိုးဘာသာအပေါ် တန်ဖိုးထား၊ လေးစားချစ်ခင်သော စိတ်ဓာတ် မည်မျှ မြင့်မားခဲ့ကြောင်းကို သိနိုင်ကြသည်။
ဆရာတော် တတိယအကြိမ်မြောက် ထောင်မှ လွတ်ပြီးနောက် အိန္ဒိယနိုင်ငံ ဘာသာရေးလုပ်ငန်းများကို ဆောင်ရွက် နေထိုင်ခဲ့သည်။ သို့သော် အိန္ဒိယနှင့် မြန်မာ ခွဲရေး၊ တွဲရေး ပြဿနာများကြောင့် ၁၉၃၅ ခုနှစ်မှာ အိန္ဒိယကခွဲပြီး အုပ်ချုပ်မည့် ၉၁ ဌာန အုပ်ချုပ်ရေး ပေါ်ပေါက်လာသည်။
ထိုအုပ်ချုပ်ရေးတွင် အားပြိုင်မည့် (၅) ပွင့်ဆိုင် အဖွဲ့သည် ဆရာတော်ကို မဲဆွယ်ပေးရန် အိန္ဒိယအထိ လိုက်လာကြပြီး အကူညီတောင်းသည့်အတွက် ဆရာတော် လိုက်လံ ကူညီခဲ့သည်။ ရွေးကောက်ပွဲတွင် (၅) ပွင့်ဆိုင် အဖွဲ့ အနိုင်ရသော်လည်း ထိုင်ခုံမက်သူ၊ ဝန်ကြီးလုပ်လိုသူ များသည့်အတွက် အဖွဲ့ထဲတွင် ပြဿနာများလည်း ဖြစ်ခဲ့ကြသည်။ သည်ကိစ္စနှင့် ပတ်သက်ပြီး ဆရာတော်က ယခုလို မိန့်ကြားခဲ့သည်။
“ငါ့ကို အိန္ဒိယက တရားဟောဖို့ ခေါ်လာပြီးတော့ အခုတော့ ဘယ်သူမှ ပြန်မကြည့်ကြတော့ဘူး။ မင်းတစ်ယောက်ပဲ တိုင်ပင်ဖော် တိုင်ပင်ဖက် ရှိတော့တယ်။ မင်းကို မကြာ မကြာ ခိုင်းနေရတာ ငါ သိပ်အားနာတာပဲ၊ ဒကာတွေထဲမှာဆိုရင် သူရိယ ဦးဘကလေး၊ ဒေါက်တာသိန်းမောင်ကတော့ ငါ့ကို အတော်ပဲ ကြင်နာကြ ဂရုစိုက်ကြပါတယ်” (မိဂဒါဝုန် ဦးကိတ္ထိမာကို ဆရာတော်က သရက်တောကျောင်းတိုက်မှာ မိန့်ကြားခဲ့သော စကားဖြစ်သည်)
ဤစကားကို ထောက်ခြင်းဖြင့် ဆရာတော်ကို အလိုရှိသည့်အချိန်တွင် မဲဆွယ်စည်းရုံရန် ပင့်ခေါ်လာကြသော နိုင်ငံရေးသမားတချို့မှာ အာဏာနှင့် ထိုင်ခုံရသွားလျှင် ကျေးဇူးကို မသိတတ်ကြတော့သည်ကို ပေါ်လွင်လှပါသည်။
ထိုသို့ ဘဝတလျှောက်လုံးတွင် မိမိခြေဝါးပေါ်တွင် မိမိရပ်တည်ပြီး အမျိုး၊ ဘာသာ၊ သာသနာအတွက် ပေးဆပ် အနစ်နာခံခဲ့သော ရဟန်းတော်မျိုး အဘယ်မှာရှိမည်နည်း။ ဘယ်မှာမှ မရှိနိုင်ပေ။ တပည့်တကာများစွာတို့ကို ဆင့်ခေါပြီး “ငါ့ဝေယာဝစ္စအတွက် လိုအပ်သော ပစ္စည်းများကို အလှူခံသည်” ဟု ပြောဆိုနိုင်ခဲ့သော်လည်း မည်သို့မှ မပြောဆိုဘဲ ဘဝနေဝင်ချိန်များကို ဝေဒနာခံစားရင်းပင် ဆင်းရဲစွာ ဖြတ်သန်းခဲ့သည်။
ထိုစိတ်ဓာတ်သည် ငယ်စဉ်က မင်းကြီးကျောက်တန်းပေါ်မှ ဒုတိယဆုကို လွှင့်ပစ်ခဲ့သော စိတ်ဓာတ်ပင် ဖြစ်သည်။ “ငါ့ညီ ကျော်ထွန်းအောင်၊ မင်းအမြဲမှတ်ထား၊ ပထမဆု မဟုတ်ရင် ဒုတိယ၊ တတိယတို့ကို ဘယ်တော့မှ မယူနဲ့” ဆိုတဲ့ အာဂစိတ်ဓာတ်ပင် ဖြစ်ပေသည်။
ဤသို့ မြင့်မြတ်လှသော အာရှနေဝန်းကြီး တဆူသည် ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် အနောက်ဘက် ရက္ခိုင်ပြည်က ထွက်ပေါ်ခဲ့သည်။ ဤသို့ နယ်ချဲ့မကြောက်သော လွတ်လပ်ရေးရှေးဆောင် မီးရှူးမီးပန်းကြီးသည် စက်တင်ဘာလ ၉ ရက်နေ့တွင် ကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားခဲ့ရသည်။
ထိုအာဇာနည် ရဟန်းတော်အပေါ် မြန်မာပြည် လွတ်လပ်ရေးအတွက် ဆပ်မကုန်သည့် ကျေးဇူးရှင်ကြီး အကြောင်းကိုကား မြန်မာလူမျိုးတို့သည် မေ့ဖျောက်ဖို့ ကြိုးစားနေသည်ဟု ထင်မိသည်။ သို့သော် အာဇာနည်မျိုး သေရိုးမရှိဆိုသလို စက်တင်ဘာလ ၉ ရက်နေ့ ရောက်တိုင်း အနောက်ဘက်အရပ်မှ မြန်မာပြည်အတွက် တောက်ပခဲ့သော ကြယ်နီကြီးကိုကား ဦးညွှတ်၊ ရိုးကျိုးမြဲပင် ဖြစ်ပါတော့သည်။ ဆရာပါရဂူ၏ အမှတ်တရ စကားနှင့် အဆုံးသတ်ရမည် ဆိုပါက။
“ဦးဥတ္တမကို မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် တဦးအဖြစ် ထိုက်သင့်သည့် နေရာကို ပေးဖို့ရန် ယနေ့ ကျွန်တော်တို့ မေ့မေ့လျော့လျော့ ဖြစ်နေကြသော်လည်း နိုင်ငံခြားကမူ ဦးဥတ္တမကို မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ၏ ခေါင်းဆောင်အဖြစ်ဖြင့် သတိပြုလျက်ပင် ရှိကြသည်” (စာရေးဆရာ ပါရဂူ)
စိမ်းကိုကို
မှတ်ချက်- မိဂဒါဝုန် ဦးကိတ္ထိမာ၏ ဆရာတော်ဦးဥတ္တမ၏ အတွင်းရေးဆောင်းပါးကို မှီငြမ်းသည်။
