NewsPolitic

ကပစ ၁၆ အနီးတွင်လည်း AA နဲ့ ရွေးတုတပ် တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၉ စက်တင်ဘာ ၂၀၂၆)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံအနီးတွင်လည်း အာရက္ခတပ်တော် ပူးပေါင်းမဟာမိတ်တပ်နဲ့ ရွေးတုအစိုးရတပ်တို့ စက်တင်ဘာလ ၇ ရက် ညနေကစတင်ကာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

“တပ်တော်နဲ့ မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ ပွိုင့် ၅၀၀ ကုန်းနားက ကာကင်းတွေကို ပြန်ရမလားဆိုပြီး စစ်တပ်က စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ တိုက်ပွဲ ဖြစ်နေတဲ့နေရာက ပွိုင့် ၅၀၀ ကုန်းနဲ့ဆို သိပ်မဝေးဘူး။ ၁ မိုင်လောက်ပဲ ရှိလိမ့်မယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ‌ပြောပါတယ်။

အဆိုပါ ဖြစ်ပွားနေတဲ့ တိုက်ပွဲနေရာတွေကို မသုန်ရွာအခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၆ နဲ့ ကျောက်ဖူးရွာအခြေစိုက် ကပစ-၉ တို့ကနေ လက်နက်ကြီးများနဲ့ အဆက်မပြတ် ပစ်ကူပေးနေရပြီး လေကြောင်းကပါ စစ်ကူ တိုက်ခိုက်ပေးနေတယ်လို့လည်း သိရပါတယ်။

၂၀၂၆ ခုနှစ် မေလဆန်းကတည်းက ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံအနီး မသုန်ရွာနား ပွိုင့် ၅၀၀ ဗျူဟာကုန်းအနီးက ကာကင်းစခန်း ၄ ခုကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထားပါတယ်။

အဆိုပါ ကာကင်းစခန်းကို ရွေးတုအစိုးရတပ်ရဲ့ စကစ (၁၀) လက်အောက်ခံ ခမရ (၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ ) တပ်ရင်းများက စုပေါင်းပြီး ခုခံခဲ့သော်လည်း လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဇွန်လ ၃၀ ရက်က ပဲခူတိုင်း ပန်းတောင်းမြို့နယ် မသုန်အခြေစိုက် အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၁၆) ကို အာရက္ခတပ်တော်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်လို့ ရွေးတုအစိုးရတပ်က ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ မတ်လ ၁ ရက်ကလည်း ကပစ (၁၆) စက်ရုံကို AA နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့က ရှော့တိုက်ဒုံး၊ လက်နက်ကြီးတွေနဲ့ ထိမှန်အောင် ပစ်ခတ်ခဲ့လို့ စက်ရုံအတွင်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းမှာ ကာကွယ်ရေးပစ္စည်းစက်ရုံ ၄ ရုံ တည်ရှိနေပြီး အဲဒီ စက်ရုံတွေကနေ ရွေးတုအစိုးရတပ်အတွက် လိုအပ်တဲ့ လေယာဉ်ဗုံး၊ မော်တာကျည်၊ လက်နက်ငယ်ကျည်နဲ့ ယမ်းအမျိုးမျိုးကို အဓိက ထုတ်လုပ် ဖြန့်ဖြူးပေးနေတာကြောင့် အဓိက ဗဟိုချက် နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။

Related posts

စကမက စက်သုံးဆီချွေတာရေး စုံနံပါတ်ပါတဲ့ကားတွေ စုံရက်မှာပဲ မောင်းနှင်ရမယ်လို့ဆို

Rakhita Times

ရက္ခိုင်ပြည်သို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ချင်းပြည်သူ့တပ်မတော်ကို ဖိတ်ခေါ် တွေ့ဆုံ

Rakhita Times

စစ်ကျန်လက်နက် ဆော့မိလို့ ကလေးငယ်တစ်ဦးသေဆုံး

Rakhita Times

Leave a Comment