အာရက္ခတိုင်းမ်စ် (၁၅ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်စစ်မြေပြင်မှာ ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်ခဲ့တယ်ဆိုပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူးကိုယ်တိုင် ရာထူးတိုးမြှင့်ပေးခဲ့တဲ့ စစ်မှုထမ်းတပ်သား စောသာဝါးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်က ရက္ခိုင်ပြည် ရှေ့တန်းတစ်နေရာမှာ သေဆုံးသွားပြီဖြစ်တယ်လို့ သူ့ဇနီးဖြစ်သူရဲ့ လူမှုကွန်ရက်မှာ ရေးသားချက်တွေအရ သိရပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်ရင်းက စစ်မှုထမ်းတပ်သား စောသာဝါးဟာ စစ်ကောင်စီလော်ဘီတွေကြားမှာ ပြည်သူ့စစ်မှုထမ်းကောင်းတစ်ဦးအဖြစ် နာမည်ကြီးခဲ့သူလည်း ဖြစ်ပါတယ်။
ရက္ခိုင်ပြည်တိုက်ပွဲတွေမှာ ကတုတ်ကျင်းထဲကနေ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေကို ရင်ဆိုင်ခဲ့တယ်ဆိုပြီး နပခတိုင်းမှူးက ဒုတပ်ကြပ်အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ရာထူးတိုးမြှင့်ခံရပြီး ရက်ပိုင်းအကြာမှာပဲ စောသာဝါးဟာ ရက္ခိုင်စစ်မြေပြင်မှာ တိုက်ပွဲကျသွားခဲ့တာဖြစ်ပြီး၊ ကျန်ရစ်တဲ့ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ သေဆုံးကြောင်း လူမှုကွန်ရက်ကနေ တဆင့် အသိပေး ကြေညာခဲ့ကာ သေဆုံးချိန်မှာ ဇနီးဖြစ်သူနဲ့အတူ လသားအရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူမှုအပေါ် ပြည်သူတွေ အကောင်းမြင်လာအောင် ဝါဒဖြန့်တဲ့အနေနဲ့ အခုလို စစ်မြေပြင်ဆုတံဆိပ်နဲ့ ရာထူးတွေ ဟန်ပြချီးမြှင့်ပြနေပေမဲ့ လက်တွေ့မှာတော့ စစ်မှုထမ်းတွေကို လူသားဒိုင်းပုံစံ အသေခံ တိုက်ပွဲဝင်ခိုင်းနေတာသာ ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုကြတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော် (AA) ဆီ ဖမ်းဆီးခံရတဲ့ သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်အရလည်း လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေအပြင် ရခိုင်စစ်မျက်နှာပြင်နေရာတိုင်းမှာ စစ်တပ်အရာရှိတွေက ပြည်သူ့စစ်မှုထမ်းတပ်သားတွေကို နောက်ပြန်လှည့်ခွင့်မပေးဘဲ အသေခံတိုက်ခိုင်းနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ရာထူးတိုးမြှင့်ခံရစဉ်
