NewsPolitic

ရေကြည်မှာ ရက္ခိုင်စစ်ဘေးရှောင် ၄ ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဖမ်းဆီးလို့ ဒေသခံပြော

အာရက္ခတိုင်းမ်စ် (၃၀ အောက်တိုဘာ ၂၀၂၆)

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သက္ကယ်ပြင်ကျေးရွာမှာ စစ်ဘေးရှောင်လာတဲ့ ရက္ခိုင်ပြည်က ဒေသခံတွေအပါအဝင် အရပ်သား ၆ ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေက ညအချိန် နေအိမ်တွေထဲ ဝင်ပြီး ဖမ်းဆီးခေါ်သွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၂၈ ရက် ည ၈ နာရီခန့်မှာ ဒီပူးပေါင်းအဖွဲ့တွေက ကျေးရွာထဲ ဝင်လာပြီး နေအိမ်တွေကနေ ခြိမ်းခြောက်ကာ ဖမ်းသွားခဲ့တယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းခံရသူတွေထဲမှာ ရက္ခိုင်ပြည်၊ ဂွမြို့နယ်ဘက်က စစ်ဘေးရှောင်လာတဲ့ အမျိုးသား ၄ ဦးနဲ့ သူတို့ကို လက်ခံထားတဲ့ ဒေသခံအိမ်ရှင် အမျိုးသား ၂ ဦး ပါဝင်ကြောင်း သိရပါတယ်။

ဖမ်းခံရသူတွေက ငွေကြေးတတ်နိုင်ရင် ပြန်ရွေးပြီး လွတ်မြောက်နိုင်ပေမယ့် ငွေမပေးနိုင်ရင် စစ်မှုထမ်းတပ်ထဲ ပို့ခံရတယ်လို့ ဒေသတွင်း အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ရေကြည်မြို့နယ်မှာ အောက်တိုဘာလ ပထမအပတ်ကစပြီး စစ်မှုထမ်းဖို့ အရပ်သားတွေကို ဖမ်းဆီးမှု ဆက်တိုက်ဖြစ်နေလို့ ဒေသခံတွေနဲ့ ရက္ခိုင်စစ်ဘေးရှောင်တွေ နေအိမ်မှာ ပုံမှန်မနေရဲဘဲ မိရိုးဖလာလုပ်ငန်းတွေကိုလည်း လုပ်ရ ခက်ခဲနေကြောင်း သိရပါတယ်။

အလားတူ အောက်တိုဘာလ ၂၁ ရက်ကလည်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ကက္ကူကြီးကျေးရွာနဲ့ ရွာသစ်ကြီးကျေးရွာမှာ စစ်ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေတဲ့ ရက္ခိုင်စစ်ဘေးရှောင် တစ်ဦး အပါအဝင် လူငယ် ၄ ဦးကို စစ်ကောင်စီတပ်က ရွာထဲအထိ ဝင်ပြီး စစ်မှုထမ်းဖို့ အတင်းအကျပ် ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

Related posts

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးကို AA ပြန်လွှဲပေး

Rakhita Times

AA ရဲ့ ပစ်ခတ်မှုကြောင့် နေဗီတစီး မီးလောင်

Rakhita Times

‌ကျောက်ဖြူက စကမ နေရာအချို့ကို AA ပြန်လည်သိမ်းပိုက်

Rakhita Times

Leave a Comment