အာရက္ခတိုင်းမ်စ် (၂၈ နိုဝင်ဘာ ၂၀၂၆)
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းအနီး ပဇီကျေးရွာဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုနဲ့ ဖမ်းဆီးခံရသူတွေ ရှိနေတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နဲ့ ၂၈ ရက် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး တချို့ကို အာရက္ခတပ်တော်က ဖမ်းဆီးရမိထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
နိုဝင်ဘာလ ၂၂ ရက်ကစပြီး ပဒါန်းမြို့ဘက်ကနေ ပဇီကျေးရွာဝန်းကျင်ကို ချီတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ AA တို့ကြား တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
ဒီကနေ့ နံနက် ၁၁ နာရီဝန်းကျင်မှာ နတ်ရေကန်ဝန်းကျင်ကို စစ်ကောင်စီဟာ လေကြောင်းက တိုက်ခိုက်မှု ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်ခန့်ကလည်း ဂုတ်ကြီးကျေးရွာဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ဂုတ်ကြီးနဲ့ ပဇီဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
