အာရက္ခတိုင်းမ်စ် (၂၈ နိုဝင်ဘာ ၂၀၂၆)
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်ကနေ နိုဝင်ဘာလ ၂၇ ရက်အထိ ၃ လနီးပါးကာလအတွင်း ရက္ခိုင်ပြည်မှာ အမျိုးသမီး ၅၂ ဦး သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အများဆုံးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီ ၃ လနီးပါးကာလအတွင်း နိုင်ငံတစ်ဝန်းမှာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၁၆ ဦးအပါအဝင် အမျိုးသမီးစုစုပေါင်း ၁၄၂ ဦး သေဆုံးခဲ့ပြီး ဒီသေဆုံးမှုတွေဟာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ AAPP က ဆိုပါတယ်။
အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တဲ့ သေဆုံးသူ ၁၄၂ ဦးအနက် ရက္ခိုင်ပြည်မှာ ၅၂ ဦးနဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းဒေသကြီးမှာ ၂၈ ဦးနဲ့ ဒုတိယ အများဆုံး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသူအမျိုးသမီး ၁၄၂ ဦးအနက် ၁၂၂ ဦးဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တာလို့လည်း AAPP က ဆိုပါတယ်။
AAPP က အမည်နဲ့ အချက်အလက် ထပ်မံ အတည်ပြုရန် လိုအပ်နေသေးတဲ့ သေဆုံးသူ အမျိုးသမီး နောက်ထပ် ၅၄ ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းလျက် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
