အာရက္ခတိုင်းမ်စ် (၂၈ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့မှာ ဒီကနေ့ (နိုဝင်ဘာ ၂၈ ရက်) ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ထပ်မံ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ည ၈ နာရီ ၈ မိနစ်ခန့်မှာ ညနေပိုင်းက တိုက်ခိုက်ခံခဲ့ရတဲ့ မြို့သစ်ရပ်ကွက်၊ ရဲမနိုင်စုအနီးတစ်ဝိုက်ကို လေကြောင်းက ထပ်မံ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စာရေးဆရာ ဝေဟင်အောင်က ညပိုင်းမှာ “၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရပါတယ်။ စာရင်းအပြည့်အစုံကို ဆက်လက် စုံစမ်းနေဆဲပါ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒီကနေ့ ညနေ ၄ နာရီကျော်ကလည်း ဒီနေရာကို လေကြောင်းက ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ၉ ဦးသေဆုံးပြီး ၄ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။
“ခုထိတောင် မီးက ငြိမ်းလို့ မပြီးသေးဘူး။ ဒီည ဘယ်လို အိပ်ရဲမှာလဲ ဒီမှာလည်း မအိပ်ရဲဘူး။ ဘယ်ပြေးရမယ်လဲ မသိတော့ဘူး။ ဘဝက ဒီလိုကို တော်တော်ဆိုးနေပြီ။ ဘာလို့ ပြည်သူတွေကို သတ်နေတာလဲ” လို့ မြောက်ဦးမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
တစ်ရက်တည်းအတွင်း ညနေပိုင်းနဲ့ ညပိုင်း နှစ်ကြိမ်ဆက်တိုက် စစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခံရတာကြောင့် မြို့ခံပြည်သူတွေဟာ ညမအိပ်ရဲဘဲ ဘယ်သွားရမှန်း မသိဘူး ဖြစ်နေတယ်လို့ သူမက ဆက်ပြောပါတယ်။
