အာရက္ခတိုင်းမ်စ် (၂၉ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်အပါအဝင် မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နဲ့ ကရင်နီပြည်တို့က အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၀၀ ကျော် သေဆုံးထိခိုက်ခဲ့ရတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ဗဟိုကော်မတီက ဒီကနေ့ (နိုဝင်ဘာ ၂၉ ရက်) မှာ သဘောထား ထုတ်ပြန် ကြေညာလိုက်ပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်၊ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်၊ ကချင်ပြည် လိုင်ဇာမြို့နဲ့ ကရင်နီပြည် မိုးဗြဲမြို့နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သား ၁၀၀ ကျော် သေဆုံး ဒဏ်ရာရခဲ့ပြီး အရပ်ဘက် အခြေခံ အဆောက်အအုံတွေလည်း ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
PRA-Magway က အရပ်သားပြည်သူတွေရဲ့ အသက်ရှင်သန်ခွင့်နဲ့ လုံခြုံစွာ နေထိုင်ပိုင်ခွင့်ဟာ မည်သည့် နိုင်ငံရေးအာဏာနဲ့ စစ်ရေး ရည်မှန်းချက်ထက်မဆို ဦးစားပေး ကာကွယ်ရမယ့် အခြေခံ အခွင့်အရေးဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှု ရှိစေဖို့ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြေကွဲရပြီး ကျန်ရစ်သူမိသားစုတွေ၊ ထိခိုက်နစ်နာခဲ့ရတဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်ကို နိုဝင်ဘာလ ၂၈ ရက်မှာ ဗုံးကြဲတိုက်ခိုက်တာနဲ့ပတ်သက်ပြီး AA က အရပ်သား ၂၀ ဦးခန့်သေ၊ ၃၀ ဦးခန့် ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပေမယ့် လက်ရှိအချိန်မှာတော့ သေဆုံးသူ ၂၈ ဦးအထိ ရှိနေပြီလို့ သိရပါတယ်။
