BusinessNewsPolitic

ရက္ခိုင်ပါ တိုင်းနဲ့ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးကော်မတီများ ဖွဲ့စည်း

အာရက္ခတိုင်းမ်စ် (၂၉ ဇွန် ၂၀၂၅)

ရက္ခိုင်အပါအဝင် တိုင်းနဲ့ပြည်နယ်အလိုက် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီများ ဖွဲ့စည်းထားတယ်လို့ စစ်ကောင်စီက ဇွန်လ ၂၇ ရက် ထုတ် မြန်မာနိုင်ငံပြန်တမ်းများတွင် ဖော်ပြထားပါတယ်။

အဆိုပါကော်မတီများကို စစ်ကောင်စီခန့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများက ဉက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး အဖွဲ့ဝင် ၁၄ ဦးစီနဲ့ မေလ ၂၃ ရက်တွင် ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ တရုတ်-မြန်မာ ပူးပေါင်းလုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ထူထောင်ရန် တရုတ်ဘက်က အဆိုပြုခဲ့ပြီးနောက် ပုဂ္ဂလိက လုံခြုံရေးလုပ်ငန်းများတွင် နိုင်ငံခြားသားများကို လက်နက်ကိုင်ဆောင်ခွင့်ပြုတဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေပြဌာန်းပြီး အကောင်အထည်ဖော်လာခြင်းလည်း ဖြစ်ပါတယ်။

အခုလိုမျိုး ပြဋ္ဌာန်းလိုက်တာဟာ တော်လှန်ရေးလှုပ်ရှားမှုတွေ ဟန့်တားနိုင်အောင် လုပ်ဆောင်တဲ့သဘော ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ပြည်ပနိုင်ငံကလူတွေကို ပုဂ္ဂလိက လုံခြုံရေးထဲမှာ ထည့်ပြီးတော့မှ အထူးသဖြင့် တရုတ်ပေါ့နော်။ သူ့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့လို့အကြောင်းပြပြီး တော်လှန်ရေးနယ်မြေတွေမှာ တစ်နည်းတစ်ဖုံနဲ့ ထိန်းချုပ်လို့ရအောင်၊ နောက် တော်လှန်ရေးလှုပ်ရှားသူတွေရဲ့ သွားလာလှုပ်ရှား ဆောင်ရွက်မှုတွေကို တစ်စုံတစ်ရာ ဟန့်တားနိုင်အောင် သူကြိုးပမ်းပုံရတယ်” လို့ သူကပြောပါတယ်။

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုတဲ့ကုမ္ပဏီများအနေနဲ့ လိုင်စင်ကို သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ် ကဲရေးကော်မတီထံ လျှောက်ထားရမယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေအရ ပြည်တွင်းကုမ္ပဏီများနဲ့ တရုတ်အပါအဝင် နိုင်ငံခြားကုမ္ပဏီများအနေနဲ့ လိုင်စင် လျှောက်ထားနိုင်တာလည်း ဖြစ်ပါတယ်။

ဒီဥပဒေအရ ပြည်တွင်းပြည်ပက လုံခြုံရေးကုမ္ပဏီတွေဟာ စစ်ကောင်စီရဲ့ခွင့်ပြုချက်နဲ့ လိုအပ်တဲ့ လက်နက်၊ ခဲယမ်း ကိုင်ဆောင်ခွင့် ရှိလာတော့မှာ ဖြစ်ပါတယ်။

ဥပဒေအရ နိုင်ငံခြား လုံခြုံရေးကုမ္ပဏီတွေမှာ မြန်မာနိုင်ငံသား ၇၅ ရာခိုင်နှုန်း ပါဝင်ရမှာဖြစ်သလို စစ်ကောင်စီရဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းကြားရင် ငြင်းပယ်ခြင်း မပြုဖို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂ (ခ) မှာ နိုင်ငံတော်အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုလို့ ပြဋ္ဌာန်းထားပေမယ့် အခုလို ဥပဒေ ပြဋ္ဌာန်းလိုက်တာဟာ ၂၀၀၈ နဲ့ ကိုက်ညီမှုမရှိကြောင်း ထောက်ပြမှုတွေရှိပါတယ်။

Related posts

မာန်အောင်လေဆိပ်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဒေသခံ ခွင့်ပြုချက်မတောင်းဘဲ အသီးအရွက်နဲ့ ​ကြက်တွေကို ဖမ်းယူ ​စားသောက်နေ

Rakhita Times

စကမ အရာရှိတွေက AA ဆီ စစ်ရှုံးတာ အောက်လမ်းပညာသုံးလို့ဆိုပြီး လက်အောက်ငယ်သားတွေကိုပြော

Rakhita Times

မအီမြို့ကို ရွေးတုအစိုးရ ဗုံးကြဲ(Breaking News)

Rakhita Times

213 comments

Leave a Comment