BusinessNewsPolitic

စစ်တွေမှာ ဓာတ်ဆီတွေ ဈေးပြန်တက်

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၅ ဇူလိုင် ၂၀၂၅)

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်မှာ အောက်တိန်း ၉၂ စက်သုံးဆီ ဈေးပြန်တက်လာနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့လမှာ စစ်တွေမြို့နယ်ကို ရန်ကုန်ကနေ ကုန်စည်သင်္ဘော ၆ စီး ရောက်လာပေမယ့် အောက်တိန်း ၉၂ မပါဘူးလို့ သိရပါတယ်။

ဒါကြောင့် အောက်တိန်း ၉၂ ဟာ ၁ လီတာကို အရင်က ငွေကျပ် ၉၀၀၀ ကျော်သာ ရှိပေမယ့် လက်ရှိမှာ ၁၆၀၀၀ ကျပ်အထိ ဈေးတက်လာနေတယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“၉၂ က အရင်တုန်းကဆိုလို့ရှိရင် သင်္ဘောတွေ တောက်လျောက်လာတဲ့အချိန်မှာ ၉၂ တွေက ပေါတယ်။ အရင်တုန်းကဆိုလို့ရှိရင် ၂၅၀၀၀၊ ၂၈၀၀၀ အဲဒီလို ဝယ်ရာကနေပြီးတော့ သင်္ကြန်ကာလနောက်ပိုင်း ၅ လပိုင်း၊ ၆ လပိုင်း မကုန်ခင်အထိကို ၉၀၀၀၊ ၉၅၀၀၊ ၁၀၀၀၀ အဲဒီလို ပတ်ချာလည် ဖြစ်နေတယ်။ အခု ပြန်ပြီးတော့ ၁၅၀၀၀၊ ၁၆၀၀၀ ပြန်ဖြစ်သွားတယ်။ အဲဒါ ဘာဖြစ်လို့လဲလို့ စုံစမ်းကြည့်တော့ သင်္ဘောနဲ့ ၉၂ က မပါဘူး။ ဒီဇယ်တွေပဲ ပါတယ်ဆိုပြီးတော့ ပြောတယ်” လို့ ပြောပါတယ်။

ရက္ခိုင်ပြည်ကို စစ်ကောင်စီက အာရက္ခတပ်တော်နဲ့ တစ်ကျော့ပြန် တိုက်ပွဲပြန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်ကတည်းကစပြီး လျှပ်စစ်မီးတွေကို ဖြတ်တောက်ထားတာကြောင့် စစ်တွေမြို့နယ်မှာ ဆိုလာနဲ့ မီးစက်တွေကို အဓိက အသုံးပြုနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာ မိုးရာသီဖြစ်တာကြောင့် ဆိုလာတွေက နေရောင်ခြည်စွမ်းအင်ကို မရတော့ဘဲ စက်သုံးဆီတွေကို အသုံးပြုတဲ့ မီးစက်တွေကို အဓိက အားထားနေရတာ ဖြစ်ပါတယ်။

အောက်တိန်း ၉၂ ဖြစ်တဲ့ ဓာတ်ဆီတွေ ဈေးတက်လာပေမယ့် မီးစက်တွေမှာ သုံးတဲ့ ဒီဇယ်တွေက သင်္ဘောနဲ့ ပါလာတာကြောင့် ဈေးတက်တာ မရှိဘူးလို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဖုန်းတွေ၊ ပါဝါပန့်တွေကို မိုးရွာနေတော့ မီးစက်နဲ့ အားသွင်းတာကို အားကိုးရတာဆိုတော့ သူတို့ကို မေးတာ ဖုန်းတစ်လုံးကို ၅၀၀၊ ပါဝါပန့်တစ်လုံးကို ၁၀၀၀ ဆိုတော့ ဈေးမတက်ဘူးလား ဆီဈေးတွေ တက်နေတာဆိုတော့။ ကျနော်တို့ ဒီဇယ်တွေမှ ဈေးမတက်တာ အဲဒီလိုပြောတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ စစ်တွေမြို့မှာ စက်သုံးဆီ ၁ လီတာကို ၃ သောင်းကျပ်အထိ ရောက်ခဲ့ပြီး တဖြည်းဖြည်း ဈေးနှုန်းကျဆင်းလာခဲ့ရာ ၁ လီတာ ၁ သောင်းကျပ်ကို ကျဆင်းခဲ့ပါသေးတယ်။

ဒါပေမယ့် လက်ရှိမှာ ၁ လီတာကို ၁ သောင်းခွဲကျပ်ကို ပြန်ပြီး မြင့်တက်လာတာ ဖြစ်ပါတယ်။

Related posts

သာပေါင်းတိုက်ပွဲကြောင့် စစ်ဆေးခံနေရတဲ့ စကမ အရာရှိတွေဟာ တပ်ရင်းမှူးနဲ့ စစ်ဗျူဟာမှူး ဖြစ်နေ

Rakhita Times

ဆာဆာကာဝါ နေပြည်တော်ရောက်မှု ရေဘေးထက် AA ကိစ္စဖြစ်နိုင်

Rakhita Times

မြောက်ပိုင်း ၃ ဖွဲ့က ငြိမ်းချမ်းရေးယူတာထက် အပစ်ရပ်ရေးပဲ လုပ်လာနိုင်

Rakhita Times

4 comments

Leave a Comment