ArticelsEnvironmentPolitic

အာရက္ခ ဒီရေတောများကို ကာကွယ်ပါ

နီရီရီ

ကျေးလက်ဒေသတွင် နေထိုင်သူတစ်ဦးသည် မီးဖိုချောင်သုံး လောင်စာအတွက် တစ်နှစ်လျှင် ရင်စို့လုံးပတ် (၇.၅) လက်မရှိသော သစ်ပင် ၁၀၀ ခန့်ကို အသုံးပြုရကြောင်း ဆိုသည်။ လူ့သက်တန်း (၈၀) ခန့်မျှဖြင့် တွက်ကြည့်မည်ဆိုပါက လူတစ်ဦးချင်းစီ၏ သက်တမ်းတလျှောက်တွင် အပင်ပေါင်း (၈၀၀၀) နှုန်းခန့်မျှကို လောင်စာအတွက် မသုံးမဖြစ် အသုံးပြုကြရလိမ့်မည် ဖြစ်သည်။ ထိုအရေအတွက်မှာ မနည်းလှသော အရေအတွက်ပင် ဖြစ်၏။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ အာရက္ခပြည်၏ လူ (၁၀၀) တွင် (၈၃) ဦးသည် ကျေးလက်ဒေသတွင် နေထိုင်ကြကြောင်း ဖော်ပြသည်။ ထိုသို့ဆိုပါလျှင် အာရက္ခပြည်၏ ဒီရေတောများနှင့် တောတောင်သစ်ပင်များ၏ အနာဂတ်မှာ ရင်လေးစရာဟုပင် ဆိုရမည် ဖြစ်၏။

(တစ်)

အာရက္ခပြည် အနှံ့အပြားမှ မြစ်ချောင်းများကို လှေငယ်လေးတစ်စင်းဖြင့် လှည့်လည် ကြည့်ရှုမည်ဆိုပါက မြစ်ချောင်းများနှင့် ပင်လယ်ကမ်းခြေတလျှောက်တွင် ဒီရေတောများကို ရှုမငြီးနိုင်အောင် တွေ့မြင်ရမည် ဖြစ်သည်။ ထို့အတူ ဒီရေတောရှိရာ နေရာတိုင်းတွင် ထင်းမီးသွေးဖိုများ၊ ခုတ်လှဲပိုင်းဖြတ်ပြီး အစီစီ အရီရီ ပုံထားကြသော ဒီရေတောထင်းများနှင့် ဆယ်ပိဿာပြည့် ထုတ်ပိုးပြီးထားသော ဒီရေတော မီးသွေးအိတ်များ (ရက္ခိုင်အခေါ် – ပြားသားနှင့် ကပိုင်သားမီးသွေး) ကို အများအပြား တွေ့ရှိရမည် ဖြစ်၏။

မီးဖိုချောင်သုံး လောင်စာဈေးကွက်တွင် ဒီရေတော ထင်းနှင့် မီးသွေး (ပြားသားမီးသွေးနှင့် ပြားသားထင်းများ) များ နာမည်ကောင်း ရရှိနေခြင်းသည်ပင် အာရက္ခ ဒီရေတောများ ပြုဉ်းတီးလာစေရန် အကြောင်းတစ်ခုဟု ဆိုနိုင်သည်။ အာရက္ခပြည်တွင် တောတောင်သစ်ပင်များ ပေါများသော်လည်း သစ်အမျိုးအစားအစုံအလင်ဖြင့် ထုတ်လုပ်ထားသော တောင်ပေါ်ထင်း (ပန်းစုံ) နှင့် တောင်မီးသွေးများသည် မီးမွှေးရ ခက်ခဲခြင်း၊ မီးပေါက် မီးပွား စဉ်ခြင်း စသော လက္ခဏာများ ရှိသဖြင့် သုံးစွဲသူများအတွက် အဆင်မပြေလှပေ။ ပြားသားထင်းနှင့် ပြားသားမီးသွေးများမှာမူ မီးစွဲလွယ်လှသဖြင့် သုံစွဲသူကို အကြိုက်တွေ့ကာ ဈေးကောင်း ရရှိစေသည်။ ထိုအချက်သည်ပင် အာရက္ခ ဒီရေတောများအတွက် အန္တရာယ်တစ်ခုသဖွယ် ဖြစ်နေရပေသည်။

(နှစ်)

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် ဒီရေတော (၅၀၂၉၁၁) ဟက်ကာ ရှိကြောင်း သိရှိရသည်။ ဧရာ၀တီတိုင်းတွင် ၄၆ ရာခိုင်နှုန်း၊ တနင်္သာရီကမ်းခြေနှင့် မြိတ်ကျွန်းစုတွင် ၃၇ ရာခိုင်နှုန်းနှင့် ရက္ခိုင်ကမ်းရိုးတန်းတွင် ၁၇ ရာခိုင်နှုန်း အသီးသီး ရှိနေကြောင်း မှတ်တမ်းများမှာ ဖော်ပြသည်။ တနင်္သာရီဒေသတွင် ၁၉၈၀ ခုနှစ်၌ ဒီရေတောဧက ၆၄၇၅၇၁ ဧက အထိ ရှိခဲ့သော်လည်း ၂၀၀၈ ခုနှစ်သို့ ရောက်သောအခါ ၄၈၉၀၂၅ ဧကထိ လျော့နည်းသွားခဲ့ကြောင်း ဆိုသည်။ ထို့အတူ ဧရာဝတီတိုင်း၏ ဒီရေတော ပြုဉ်းတီးမှုသည်လည်း ကြီးမားလွန်းသည်။ ၁၉၈၀ ခုနှစ်တွင် ဧကပေါင်း ၇၃၀၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ဧက ၆၀၀၀၀ ကျော်ခန့်သာ ကျန်ရှိတော့ကြောင်း ဖော်ပြခံရသည်။ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာ့ဒီရေတော ပမာဏသည် ၁၉၉၀ ခုနှစ်တွင် ၁.၃ သန်းခန့် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၇၅၀၀၀၀ သာ ကျန်ရှိတော့ကြောင်း ဖော်ပြသည်။

အာရက္ခပြည်သည် မြစ်ချောင်းပင်လယ်တို့ ပေါများစွာ ရှိနေခြင်းကြောင့် ဒီရေရောက်သော မြို့နယ်တိုင်းတွင် ဒီရေတောများ ရှိကြသည်။ စာရင်းဇယားများအရ အာရက္ခပြည်၏ ဒီရေတော ဧရိယာသည် ၁၉၉၇ ခုနှစ်တွင် (၄၁၃၈၅၀) ဧက ရှိကြောင်း ဆိုသည်။ ကျောက်ဖြူမြို့တွင် (၄၇၉၂၀) ဧက၊ ရမ်းဗြဲမြို့တွင် (၇၈၆ ၁၀) ဧက၊ မာန်အောင်မြို့တွင် (၃၄၃၀) ဧက၊  တောင်ကုတ်မြို့တွင် (၉၂၀၆၀)၊ အမ်းမြို့တွင် (၆၆၈၉၀) ဧက၊ သံတွဲမြို့တွင် (၉၈၆၀) ဧက၊ ဂွမြို့တွင် (၅၅၆၀) ဧက၊ ပေါက်တောမြို့တွင် (၂၈၅၀) ဧက နှင့် မြေပုံမြို့တွင် (၁၀၇၆၇၀) ဧက အသီးသီး ရှိနေကြောင်း မှတ်တမ်းများမှ ဆိုသည်။ သို့သော် ယခုအခါ အာရက္ခ ဒီရေတောသည် ဧက (၇၀၀၀၀) ခန့်သာ ကျန်ရှိတော့ကြောင်း ဆိုသည်။ ယခင်က ကျောက်ဖြူနှင့် ရမ်းဗြဲနယ်နိမိတ်များတွင် ဒီရေတောဧက နှစ်သိန်းကျော်ခန့် ရှိခဲ့ကြောင်း ဆိုသော်လည်း လက်ရှိအချိန်တွင် ကျောက်ဖြူခရိုင်၌ ဒီရေတောဧက (၆၀၀၀ဝ) ကျော်သာ ကျန်ရှိတော့ကြောင်း ယခင် စစ်ကောင်စီ၏ ကျောက်ဖြူခရိုင် သစ်တောဦးစီးဌာနမှ ဦးတင်မောင်ဝင်း (ညွှန်ကြားရေးမှူး) က အင်တာဗျူးတစ်ခုတွင် ဖြေဆိုထားသည်ကို တွေ့ရ၏။

(သုံး)

မြန်မာပြည်တွင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ – ၃၀ ရက်နေ့က မြန်မာ့ဒီရေတောနှင့် ပင်လယ်သယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်မှု ကော်မတီကို ဖွဲ့စည်းခဲ့သည်။ အာရှတိုက်ရှိ ဒီရေတော ပေါက်ရောက်ရာ နိုင်ငံများဖြင့် စုဖွဲ့ထားသော အနာဂတ် ဒီရေတောများအဖွဲ့ (MFF) တွင်လည်း မြန်မာပြည်သည် အမြဲတမ်း အဖွဲ့ဝင် ဖြစ်၏။ သို့သော် မြန်မာ့ဒီရေတော ထိန်းသိမ်းနိုင်မှု လုပ်ငန်းသည် ခရီးပေါက်ရောက်နိုင်ခြင်း နှေးကွေးနေသေးသည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် သွားလာရန် ခက်ခဲသော ဒေသများမှ ဒီရေတောများမှာ ဆက်လက် ဆုံးရှုံးနေကြဆဲသာ ဖြစ်သည်။ ထို့အပြင် ကျေးလက်နေ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်ကြသော ဆည်တွင်း စပါးစိုက်ပျိုးခြင်းနှင့် စီးပွားဖြစ် ပုဇွန်ကန်လုပ်ငန်းများကို တားဆီးရန် ခက်ခဲခြင်းသည်လည်း ဒီရေတော ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် အဟန့်အတား ဖြစ်နေရသည်။

ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်မှု ကော်မတီသည် ဒီရေတောများကို ထိန်းသိမ်းခြင်းအပြင် ပင်လယ်ကမ်းရိုးတန်း ဒေသများရှိ သယံဇာတများနှင့် ဇီဝမျိုးစိတ်များကိုပါ အုပ်ချုပ် လုပ်ကိုင်မှုဆိုင်ရာ မူဝါဒများ ချမှတ်ကာ လုပ်ဆောင်ရန် ဖြစ်သော်လည်း လက်ရှိအချိန်အထိ မြန်မာ့ဒီရေတောများ နည်းမျိုးစုံဖြင့် ဆုံးရှုံး ပျက်စီးနေကြရဆဲသာ ဖြစ်သည်။ ထို့အပြင် ဒီရေတောများထဲတွင် အမှီသဟဲပြု နေထိုင် ရှင်သန်နေကြသော မျိုးစိတ်တချို့မှာလည်း မျိုးသုဉ်းပျောက်ကွယ် နေကြရဆဲသာ ဖြစ်သည်။

(လေး)      

ရက္ခိုင်လူမျိုးများသည် ပထဝီအနေအထားကို မှီခို လုပ်ကိုင် စားသောက်ကြရသဖြင့် လယ်သမားနှင့် တံငါလုပ်သားဦးရေ များပြားသည်။ မြစ်ချောင်း ပင်လယ်ပြင်နှင့် သဘာဝ တောတောင် သစ်ပင်များသည် ရက္ခိုင်လူမျိုးတို့၏ နေ့စဉ် ရှာဖွေ စားသောက်ကြရာ နေရာများလည်း ဖြစ်သည်။ ကုန်လွန်ခဲ့ပြီးသော နှစ်များအတွင်းက အာရက္ခပြည်မှ ထွက်ရှိသော ဒီရေတော မီးသွေးနှင့် ထင်း ထုတ်လုပ်ရောင်းချမှုသည် အလွန်ပင် အရှိန်အဟုန် ကောင်းခဲ့သဖြင့် ကျေးလက်နေဒေသခံများအတွက် စီးပွားရေး လုပ်ငန်းတစ်ခုသဖွယ် ဖြစ်ခဲ့သည်။ စီးပွားဖြစ် ထင်းနှင့် မီးသွေးကုန်သည်များသည် ဒီရေတောရှိရာ ဒေသတွင် နေထိုင်သူများအား ငွေကြိုပေးစနစ်ဖြင့် ဒီရေတော မီးသွေးဖိုများကို လုပ်ကိုင်စေခဲ့ကြသည်။ ထို့အပြင် စီးပွားရေး လုပ်ငန်းရှင်များ စိတ်ကြိုက် ချယ်လှယ် ကိုင်နေကြသော နေလှန်းဆားကွင်း၊ ဆားချက်လုပ်ငန်း၊ ပုဇွန်ကန်၊ ဆည်စပါးခင်း စသည်များမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးပွားလာခဲ့သဖြင့် ရှိရင်းစွဲ အာရက္ခ ဒီရေတောများမှာ လုံးပါးပါး သွားခဲ့ရသည်။ အာရက္ခပြည်၏ တောင်ကုတ်မြို့နယ်အတွင်းရှိ ခူး၊ သက်ကယ်ပြင်ကျေးရွာအုပ်စုနှင့် အဘေကျေးရွာအုပ်စုကြားရှိ ဒီရေတောက ၁၀၀၀ ကျော်သည်လည်း  ပုဇွန်မွေးမြူရေးကန်အဖြစ် ပြောင်းလဲ လုပ်ကိုင်နေခြင်းကို ကြုံတွေ့နေရသည်။

သဘာဝ ပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးမှုကြောင့် သဘာဝ ပတ်ဝန်းကျင်ကို အမှီသဟဲပြု နေထိုင်ကြသော သတ္တဝါများပါ မျိုးသုဉ်း ပျောက်ကွယ်သွားစေနိုင်ခြင်း၊ ရာသီဥတု ဆိုးဝါး ဖောက်ပြန်လာနိုင်ခြင်းနှင့် Ecosystem ဟု ခေါ်သော ဂေဟစနစ်ကို ပျက်စီးစေနိုင်ခြင်းများ ကြုံနေကြရသော်လည်း အာရက္ခ ပြည်သူများအနေဖြင့် အူမတောင့်မှ သီလစောင့်နိုင်မည်ဟုသာ ရသေ့စိတ်ဖြေ ဖြေနေကြသည်။ ရက္ခိုင့်ကမ်းရိုးတမ်းများရှိ ဒီရေတောများ ပျက်စီး ဆုံးရှုံးလာခြင်းကြောင့် ဒီရေတောများတွင် မှီတင်းနေထိုင်ကြသော ရက္ခိုင့်ရှားပါး ဖွတ်၊ မိကျောင်း၊ ဒီရေတော ကဏန်းများ၊ ခရု၊ ကမာ၊ ဂုံးနှင့် ငှက်မျိုးစိတ်များ တဖြည်းဖြည်း ရှားပါးပျောက်ကွယ်နေရသည်မှာ စိတ်မကောင်းစရာပင် ဖြစ်၏။ ထို့အပြင် အာရက္ ခဒီရေတောများတွင် ကမ္ဘာ့ရှားပါး စာရင်းဝင် အပင်တစ်မျိုးဖြစ်သော  မြိုင်ကြီးပင် (Bruguiera hai nesil) များ ပေါက်ရောက်လျှက် ရှိနေသည်။ ကမ္ဘာပေါ်တွင် မြိုင်ကြီးပင်များကို တစ်ကမ္ဘာလုံး၌ နိုင်ငံ သုံးနိုင်ငံခန့်တွင်သာ တွေ့ရတော့ကြောင်း ဆိုသည်။ အာရက္ခ ဒီရေတောများထဲမှ မြိုင်ကြီးပင် အပါအဝင် မျိုးသုဉ်း ပျောက်ကွယ်လု ဖြစ်နေကြသော အမျိုးအစား (IUCN Red List) များကို နိုင်ငံတကာ အဖွဲ့အစည်းများမှ မျိုးသုဉ်း မသွားစေရန် ဝိုင်းဝန်း ထိန်းသိမ်းပေးနေကြသော်လည်း အာရက္ခ ဒေသခံများ ကိုယ်တိုင် ပူးပေါင်း ပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်၏။

(ငါး)

လူအများစုသည် သစ်ပင်ကို ခုတ်လှဲ အသုံးချရန် ဝန်မလေးတတ်ကြသော်လည်း ဆုံးရှုံးသွားသော သစ်ပင်များနေရာတွင် ပြန်လည် အစားထိုး စိုက်ပျိုးရန်အတွက် ဆိုင်းငံ့ ပျင်းရိတတ်ကြသည်။ ထိုင်းနိုင်ငံတွင် သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို ဘုရင့်အစီအစဉ်ဖြင့် ပြုလုပ်ကြကြောင်း ဖတ်မှတ်ဖူးသည်။ နှစ်စဉ်နှစ်တိုင်းတွင် (The King Project) မှ စေတနာ့ဝန်ထမ်း (၂၀၀၀) ကျော်တို့သည် နိုင်ငံအနှံ့ သစ်ပင်များ စိုက်ပျိုးလာခဲ့ကြရာ ၂၀၁၃ ခုနှစ်တွင် သစ်ပင်ပေါင်း (၁၀၀၀၀၀၀) အထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း ဆိုသည်။ မည်သည့် လိုအပ်ချက်နှင့် စီမံချက်များကြောင့်ပင်ဖြစ်စေ သစ်ပင် သစ်တောနှင့် ဒီရေတောများကို ဖြုန်းတီး ခုတ်လှဲခြင်း မပြုမီ ပြန်လည် အစားထိုး စိုက်ပျိုးရေးအတွက် သေသေချာချာ စဉ်းစားထားသင့်သည်။

လက်ရှိ အာရက္ခ ဒီရေတောများကို ထိန်းသိမ်း ကာကွယ်နေကြသော အဖွဲ့အစည်းတချို့ရှိနေသော်လည်း နေ့စဉ် ပျက်စီးနေရသော ဒီရေတောများနှင့် ထိမ်းသိမ်းရေး လုပ်နိုင်သော အရေအတွက် ကာမိသည် မကာမိသည် ဆိုသည်မှာ ခန့်မှန်းရန် ခက်သည်။ ၂၀၁၂ ခုနှစ်မှ စတင်ကာ LIFT ၏ အစီအစဉ်ဖြင့် အာရက္ခပြည်မှ ဒီရေတောများကို ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။ ဂွမြို့နယ်တွင် ဧက ၁၂၀၀၀၊ သံတွဲတွင် ဧက ၃၀၀၀၀ နှင့် တောင်ကုတ်တွင် ဧက ၆၅၀၀၀ တို့ကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း ဆိုသည်။ သို့သော် အာရက္ခ တစ်ပြည်လုံး အတိုင်းအတာဖြင့် ဒီရေတော ထိန်းသိမ်းမှု လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ရန် လိုအပ်နေပါသေးသည်။ ထို့အတူ ကျေးလက်နေ ပြည်သူများ၏ စားဝတ်နေရေးကို မထိခိုက်စေသော ရှဉ့်လျှောက်သာ၊ ပျားစွဲသာဖြစ်စေမည့် မူဝါဒများ ဖြစ်ရန်လည်း လိုအပ်ပါသေး၏။ ဆုံးရှုံးသွားခဲ့ရပြီးသော ဒီရေတောများကို နမူနာယူရင်း ဆက်လက် မဆုံးရှုံးရစေရန် ကာကွယ်ပေးကြဖို့ လိုအပ်နေဦးမည် ဖြစ်သည်။ ။

နီရီရီ

Related posts

မုဒိမ်းမှုတွေအတွက် ကြိမ်ဒဏ်ကို အသက်ပြန်သွင်းဖို့လို

Rakhita Times

တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ

Rakhita Times

စကမ ဟာ နိုင်ငံတကာရာဇဝတ်မှုကို ဗြောင်ကျကျ ချိုးဖောက်နေတယ်လို့ HDCO ထုတ်ပြန်

Rakhita Times

7 comments

Leave a Comment