အာရက္ခတိုင်းမ်စ် (၂၄ နိုဝင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် ဂွမြို့နယ်က ကျေးရွာတွေကို စစ်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ နေ့စဉ် ရက်ဆက် ဆိုသလို ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“၂၂ ရက်နေ့ ညက ဆိုရင် နေဗီ ၃ စီးကနေပြီးတော့ လက်နက်ကြီးနဲ့ ၁၅ ခါတောင် ပစ်တယ်” လို့ ဂွမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က စစ်ကော်မရှင်ရဲ့ နေဗီ ၃ စီးကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ဂွချောင်းမကြီး အနီးရှိ ရေလယ်ကျောက်ပုံပေါ် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
“ပြီးခဲ့တယ် ၂၀ ရက်နေ့ ညကလည်း ဂွမြို့ဖက်ကို နေဗီကနေ ၅ ကြိမ် ပစ်တယ်။ ဘယ်နေရာကို ကျတယ်တော့ မသိဘူး။ ပြည်သူတွေ အတော်လေး သတိထား နေနေရတယ်” လို့လည်း သူက ထပ်မံ ပြောပါတယ်။
စစ်ကော်မရှင်ဟာ နိုဝင်ဘာလ ၂၁ ရက် နေ့ခင်းဖက်တွင် ဂွမြို့နယ် ကျိန္တလီမြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချခဲ့လို့ ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်က လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို နေ့စဉ်ဆိုသလို လေကြောင်း၊ ရေကြောင်းကနေ တိုက်ခိုက်လျက် ရှိနေတာကြောင့် အာရက္ခတပ်တော်က ရက္ခိုင်ပြည်က ပြည်သူတွေ သတိထားနေထိုင်ကြဖို့ အသိပေး တိုက်တွန်းထားပါတယ်။

243 comments