NewsPolitic

အခုရွေးကောက်ပွဲက ကြံ့ဖွံ့က အခိုင်အမာပြင်ဆင်ထားပြီးမှ လုပ်တဲ့ပွဲလို့ ပြော

အာရက္ခတိုင်းမ်စ် (၁၀ ဇန်နဝါရီ ၂၀၂၆)

အခုကျင်းပတဲ့ ရွေးကောက်ပွဲဟာ ကြံ့ဖွံ့က အခိုင်အမာပြင်ဆင်ထားပြီးမှ လုပ်တဲ့ပွဲပဲလို့ တရုတ်-မြန်မာအ‌ရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် ရက္ခိုင်မှာ တခြားအမျိုးသားရေးပါတီတွေကို ဝင်ရောက်ပါဝင် ယှဉ်ပြိုင်ခိုင်းတာကလည်း သူတို့ပါတီတခုတည်း ပြိုင်တာမဟုတ်ကြောင်းကို ပြသချင်တဲ့ ပုံစံမျိုးဖြစ်တယ်လို့ သူက ပြောပါတယ်။

“သူက ကြိုတင်မဲတင် မဟုတ်ဘူး။ နောက်ကျမဲဆိုပြီးတော့ ဝင်လာတာတွေတောင် ရှိသေးတယ်။ အဲဒီတော့ သူတို့ပဲ ရအောင်ယူမှာပဲ။ ဒေါက်တာအေးမောင်တို့ကို ဝင်ခွင့်ပြုတာလည်း နိုင်ငံတကာကို ခုနက သမီးပြောသလိုပဲလေ အပြကောင်းဖို့ပဲ ရက္ခိုင်မှာ ငါတို့ တပါတီတည်း မဟုတ်ပါဘူး။ သူတို့ အမျိုးသားရေးပါတီတွေလည်း ပါပါတယ် ဆိုတာ ပြသဖို့ပဲ။ ဒါကြောင့် ဒေါက်တာအေးမောင် တောင် BBC က အင်တာဗျူးမှာ ပြောသွားသေးတာပဲ။ သူတို့ ဘာကြောင့် ရှုံးရတယ်ဆိုတာကို။ အဲဒီတော့ အားလုံးက တကယ့်ကို အခိုင်အမာ ပြင်ဆင်ထားပြီးမှ လုပ်တဲ့ပွဲပဲလေ။ ကြံ့ဖွံ့ အနိုင်ရရေး။ ကြံ့ခိုင်ဖွံ့ဖြိုးရေး အနိုင်ရဖို့အတွက်။ တကယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက အားနည်းရင်လည်း လူမျိုးစု ပါတီတွေက သူတို့ကြိုက်တဲ့လူတွေ အားကောင်းဖို့ သူတို့လူတွေ ရဖို့အတွက် လုပ်‌ပေးထားတာပဲ။ ကျမ တချို့ အမတ်တွေရဲ့ ကိုယ်ရေးရာဇဝင်တွေကို လေ့လာကြည့်တယ်။ တချို့က ရာဇဝတ်မှုတွေတောင် ရှိတယ်။ ဥပမာ အားဖြင့် ဦးကိုနီကို သတ်တဲ့ သံသယတရားခံတို့ ဘာတို့ အဲဒါမျိုးတွေတောင် ပါသလိုပဲ။ အဲဒီတော့ သူက ဒီရွေးကောက်ပွဲကို သူ့ရဲ့ တရားဝင်မှုအတွက် လုပ်ပေမယ့် ပြည်သူလူထုကတော့ လက်ခံနိုင်လိမ့်မယ် မထင်ဘူး။ ဒီလူတွေ လွှတ်တော်ထဲ ရောက်သွားလည်း ဘာပြောမှာလဲ သူတို့က။ တောက်လျှောက်လည်း မဟုတ်တရုတ်တွေ လုပ်လာတဲ့လူတွေပဲ။ အဲဒီလူတွေနဲ့ပဲ ဒီလွှတ်တော်တို့ ဘာတို့ ဖြစ်တော့ ပြည်သူလူထု လက်မခံ၊ နိုင်ငံတကာကလည်း ကျမကြည့်တယ် သိပ်လက်ခံဖို့ မလွယ်ဘူး ထင်တယ်” လို့ သူက ပြောပါတယ်။

စကမ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း (၁) ပြီးနောက်မှာ ကြံ့ဖွံ့ပါတီဟာ ကြိုတင်မဲတွေနဲ့ အသာစီးရခဲ့တာပါ။

အဲဒီနောက် ကြိုတင်မဲစာရင်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိဘူးလို့ဆိုကာ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီနဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က စစ်ခေါင်းဆောင်ထံ စာတင်ပြ အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက်နဲ့ ၂၅ ရက်တို့မှာတော့ ရွေးကောက်ပွဲ အပိုင်း ၂ နဲ့ ၃ ကို ဆက်လက် ကျင်းပသွားမှာ ဖြစ်ပေမယ့် ရက္ခိုင်ပြည်မှာကတော့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့မှာသာရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ကျန်မြို့နယ်တွေကတော့ ရွေးကောက်ပွဲ ကျင်းပမယ့်အထဲ မပါဝင်ခဲ့ပါဘူး။

အပိုင်း (၁) မဲရလဒ်တွေအရ ရက္ခိုင်ပြည်မှာ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် မဲအများဆုံးရသူအနိုင်ယူစနစ် FPTP  မှာ ရခိုင့်ဦးဆောင်ပါတီက ၁ ဦး၊ ကြံ့ဖွံ့ပါတီမှ ၂ ဦး၊ အချိုးကျကိုယ်စားပြုစနစ်မှ မဲဆန္ဒနယ် (၁) မှာတော့ ရခိုင့်ဦးဆောင်ပါတီက ၂ ဦး၊ ကြံ့ဖွံ့က ၆ ဦးနဲ့ ရခိုင်တိုင်းရင်းသားများပါတီက ၂ ဦးပါဝင်ပါတယ်။

ဒါ့အပြင် မဲဆန္ဒနယ် ၂ မှာတော့ ရခိုင့်ဦးဆောင်ပါတီက ၂ ဦး၊ ကြံ့ဖွံ့ပါတီက ၃ ဦးနဲ့ ရခိုင်တိုင်းရင်းသားများပါတီက ၂ ဦးတို့ ပါဝင်ပြီး ရက္ခိုင်ပြည်လွှတ်တော် (ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်) အတွက် ကြံ့ဖွံ့ပါတီက ၁ ဦး အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အချိုးကျကိုယ်စားပြုစနစ်ဖြစ်တဲ့ မဲဆန္ဒနယ် (၁) မှာ ရခိုင့်ဦးဆောင်ပါတီက ၁ ဦး၊ ကြံ့ဖွံ့ပါတီက ၂ ဦး၊ မဲဆန္ဒနယ် (၂) မှာတော့ ရခိုင့်ဦးဆောင်ပါတီက ၁ ဦး၊ ရခိုင်တိုင်းရင်းသားများပါတီက ၁ ဦးနဲ့ ကြံ့ဖွံ့ပါတီက ၁ ဦးတို့ ပါဝင်တယ်လို့ UEC ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Related posts

AA က တစ်လအတွင်း အမတ ၃၄၄ နားက ကာကင်း ၆ ခု သိမ်းပိုက်

Rakhita Times

ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် PIM က စိုက်ပျိုးရေးသင်တန်းပေးမည်

Rakhita Times

မြေပြိုမှုကြောင့် ရက္ခိုင်-အိန္ဒိယ လမ်းတွင် ကုန်တင်ကား ရာနဲ့ချီပိတ်မိနေ

Rakhita Times

1 comment

AndrewAritH ဇူလိုင် 28, 2026 at 1:27 မနက်

Рекомендации строятся вокруг состояния человека, а не по универсальному шаблону для всех случаев.
Разобраться лучше – [url=https://vyvod-iz-zapoya-v-anape2.ru/]вывод из запоя капельница на дому в анапе[/url]

Reply

Leave a Comment