အာရက္ခတိုင်းမ်စ် (၂၉ ဧပြီ ၂၀၂၆)
ဘင်္ဂလားဒေ့ချ်နိုင်ငံကနေ ရက္ခိုင်ပြည်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၉၀၀နဲ့ ကုန်သည် ၁၄ ဦးကို ဧပြီလ ၂၈ ရက် နေ့လည်က ဘင်္ဂလားဒေ့ချ်ကမ်းခြေစောင့်တပ် (BCG) က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“ ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ တက္ကနက်ဖ်မြို့၊ နတ်မြစ်ကမ်းနားတွင် ရက္ခိုင်ပြည်ကို တင်ပို့ရန် ဘိလပ်မြေတ်အိတ် ၉၀၀ ကို တင်ဆောင်လာတဲ့ ဘုတ်တစီးနဲ့အတူ ကုန်သည် ၁၄ ဦးကို ဖမ်းဆီးခဲ့တယ်” လို့ ဘင်္ဂလားဒေ့ချ်ကမ်းခြေစောင့်တပ် BCG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆဗ်ဘီရ် အလမ် ဆူဂျွန်က ပြောပါတယ်။
အဖမ်းဆီးခံရတဲ့ ကုန်သည် ၁၄ ဦးအနက် ကုန်သည် ခေါင်းဆောင်ဖြစ်သူ အသက် ၄၀ အရွယ် မိုဟာမက် အဇင် အူလာဟာ အူခီးယား ဒေသရှိ ဘာလုခါလီ ဒုက္ခသည်စခန်းတွင် နေသူတဦး ဖြစ်တယ်လို့ သိရပါတယ်။
ရက္ခိုင်ပြည်က ကုန်သည်တဦး ပစ္စည်းမှာယူမှုကြောင့် စစ်တကောင်း၊ ဆန်ဒွိပ်နဲ့ ဟာတီယာ မြို့ကနေ ကုန်ပစ္စည်းများကို ဝယ်ယူ တင်သွင်းခဲ့တာလို့လည်း သိရပါတယ်။
အဆိုပါ ဖမ်းဆီးခံရသူတွေနဲ့ ပစ္စည်းများကို သက်ဆိုင်ရာ အာဏာပိုင်များထံ လွှဲပြောင်းပြီး ဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
အလားတူ ဘင်္ဂလားဒေ့ချ်နိုင်ငံကနေ ရက္ခိုင်ပြည်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၈၅၀ ကို ဧပြီလ ၁၉ ရက် ညဖပ်က ဘင်္ဂလားဒေ့ချ်ရေတပ် (နေဗီ) တစီးကနေ ဘုတ်နဲ့ ကုန်ပစ္စည်းများကို ဖမ်းဆီးခဲ့ပါသေးတယ်။
