အာရက္ခတိုင်းမ်စ် (၂၅ မေ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်မှာ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းတွေက သူဌေးတွေ ဖြစ်ကုန်ကြပြီး ဒေသခံ ပြည်သူလူထုကတော့ ဆင်းရဲပြီး လုံးပါး ပါးနေကြပြီလို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အခုက ဘာလဲဆိုတော့ ဌာနဆိုင်ရာက လူတွေက စီးပွားရေး လုပ်နေတဲ့အခါ သူတို့တွေက စီးပွားရေး လုပ်တယ်။ ဓာတ်ဆီတို့ ဘာတို့ အကုန် သူတို့တွေက စားသောက်ကုန်ဆိုလည်း သူတို့တွေက လုပ်ပြီးတော့ ဖြန့်ချီတယ်။ ပြည်သူလူထုမှာ သူတို့ဆီက ပြန်ဝယ်စားရတာပေါ့။ ချမ်းသာသွားပြီ အကုန် ချမ်းသာသွားပြီ။ ကျမတို့ ပြည်သူတွေကပဲ လုံးပါး ပါးသွားတာ။ လူတွေ အထွက်အဝင်၊ ခရီးသည် အထွက်အဝင်ကြတော့လည်း သူတို့တွေ ကိုင်တယ်။ သူတို့ကို ပိုက်ဆံပေးရင် သွားလို့ရတယ်။ ပိုက်ဆံမရှိရင် သွားလို့မရဘူး။ အဲဒီလိုမျိုး” လို့ သူက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်က ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်တွေက ကုန်ပစ္စည်း သယ်ယူခွင့်အပြင် ဓာတ်ဆီနဲ့ လူ အဝင်၊ အထွက်တွေကနေပါ ပိုက်ဆံတွေ တောင်းခံတာ ဖြစ်တယ်လို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အုပ်ချုပ်ရေးတို့၊ ခရိုင်တို့ကပေါ့။ မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့ ပြီးတော့ ဌာနဆိုင်ရာတွေကဆိုရင် ရဲ၊ စရဖတို့ပေါ့ အာဏာပိုင်အဖွဲ့အစည်းက လက်နက်ကိုင် အဖွဲ့အစည်းတွေပေါ့။ သူတို့တွေကကြတော့ အထွက်အဝင်တွေလည်း သူတို့ လုပ်လို့ရတယ်။ ပစ္စည်းတွေဆိုလည်း သူတို့ဆီကနေမှ ကျမတို့က ပြန်ပြီး တဆင့် သယ်ရတဲ့အခါကြတော့ ကုန်ဈေးနှုန်းတွေက တအားကြီးတယ်။ ဓာတ်ဆီ ၁ လီတာကို ကျမတို့က ၂ သောင်း ရောင်းတယ်။ သူတို့က ဓာတ်ဆီ ၁ လီတာကို ကျမတို့ကို ၁ သောင်း ၈ ထောင်၊ ၁ သောင်း ၉ ထောင်နဲ့ ရောင်းတယ်။ သူတို့ လုပ်စားတာလေ။ ဓာတ်ဆီဆိုင်တွေက အရင်တုန်းက ကျောက်ဖြူမှာဆိုရင် လိုင်စင်ရဆိုင်တွေ ရှိတယ်။ အခု လိုင်စင်ရဆိုင်တွေက ဓာတ်ဆီမရောင်းတဲ့အခါကြတော့ ပဒေးကျွန်းက ဓာတ်ဆီတွေကို ရန်ကုန်က သင်္ဘောလာရင်လည်း အလုံး ၅၀ လောက် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက သယ်လာတာ။ ပြီးတော့ သူတို့က အပြင်မှာ ဖြန့်တယ်။ အဲဒီတော့ ကုန်ဈေးနှုန်းက ဘယ်လိုလုပ် ကျမှာလဲ” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင် ၅၀,၀၀၀ လောက် ထွက်ပြေးနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
AA တပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ကျောက်ဖြူမြို့နယ်ထဲက မြို့နယ်ခွဲဖြစ်တဲ့ စနဲမြို့မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
စနဲမြို့ဟာ ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက် ၂၈ မိုင်အကွာမှာရှိတဲ့ တိုက်နယ်အဆင့် မြို့နယ်ခွဲဖြစ်ပြီး ရန်ကုန်-ကျောက်ဖြူ ကားလမ်းပေါ်မှာ ရှိတာပါ။
စနဲမြို့အနီးမှာတော့ စစ်တပ်ရဲ့ အရေးပါတဲ့ ကျောက်ဖြူရေတပ်စခန်း (တောင်မော်ကြီး) တည်ရှိပြီး အဲဒီရေတပ်စခန်းအနီးမှာ တိုက်ပွဲတွေ ဒီလဆန်းပိုင်းကစပြီး ပြင်းထန်လာတာပါ။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အပါအဝင် တရုတ်နိုင်ငံရဲ့ စီမံကိန်းရှိတဲ့ ကျောက်ဖြူမြို့နယ်ရဲ့ ကုန်းတွင်းပိုင်း နေရာတချို့ကို AA တပ်တွေ ထိန်းချုပ်ထားပြီး အခုတခါ ကျောက်ဖြူမြို့ဘက်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
စစ်အာဏာရှင်တပ်ဘက်ကလည်း ကျောက်ဖြူမြို့နယ်အတွင်းက သူတို့ရဲ့ တပ်စခန်းတွေကို အင်အားအလုံးအရင်း ပြန်ဖြည့်တင်းနေပြီး တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။

1 comment
Врач оценивает всю клиническую картину. Продолжительность запоя имеет значение, однако сама по себе не показывает тяжесть состояния. У пациента с небольшим стажем могут быстро возникнуть серьезные нарушения, а у человека, который страдает алкоголизмом много лет, очередной запой способен протекать непредсказуемо.
Подробнее – вывод из запоя вызов