အာရက္ခတိုင်းမ်စ် (၃ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းတွင် ရပ်နားထားတဲ့ စစ်သင်္ဘောကို အာရက္ခတပ်တော်ရဲ့ လက်နက်ကျည် ထိမှန်ခဲ့လို့ အစိတ်အပိုင်းတချို့ ထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
“ စစ်တပ်က ရွှေမင်းဂံဆိပ်ကမ်းနဲ့ စစ်တွေကမ်းနားလမ်းတလျောက်မှာ ခုခံဖို့ အသေအချာ ပြင်ဆင်ထားတယ်။ ဘန်ကာတွေဆိုလည်း တော်တော်လေးကို တောင့်တောင့်တင်းတင်း ဆောက်ထားတာတွေ့နေရတယ်။ တိုက်ပွဲက စစ်တွေမြို့ထဲထိ ရောက်လာနိုင်နေပြီ” လို့ စစ်တွေမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိမှာတော့ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ဟာ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကံ့ကော်ကျွန်း၊ ဝါဘို၊ တော်ကန် နဲ့ ဒေသကွပ်ကဲမှုဌာနချုပ် (ဒကစ) အနီးတဝိုက်တွင် တိုက်ကွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
“ ဒကစဟာ စစ်တွေမြို့အတွက်တော့ နောက်ဆုံးခံတပ်ပဲ။ အဲနားမှာကို တိုက်ပွဲတွေ ဖြစ်နေတာ။ ဒီလဆန်းကစလို့ ပိုပြီး လက်နက်သံတွေကြားရတယ်။ လေယာဉ်နဲ့လည်း ဗုံးတွေ လာလာကြဲတာ တွေ့နေရတယ်။ ညဘက်လည်း လေယာဉ်က လာတာပဲ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
ရွေးတုအစိုးရကလည်း စစ်တွေမြို့ လက်မလွှတ်ရရေးအတွက် စစ်မှုထမ်းဆင်းစစ်သား အင်အားအများအပြားနဲ့ ရာထူးတဆင့်တိုးပေးထားတဲ့ သန္ဓေစစ်သားတွေကို စစ်သင်္ဘာနဲ့ လာရောက် အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။
ရက္ခိုင်ပြည် စစ်တွေမြို့ထဲကို အာရက္ခတပ်တော် ဝင်ရောက်မှာကို စိုးရိမ်တာကြောင့် စစ်တွေမြို့တွင်း အဝင်အထွက်တွေကို တင်းကြပ်ခိုင်းထားပြီး အဓိကအားဖြင့် မွတ်ဆလင်တွေကို မြို့တွင်းကို ဝင်ရောက်ခွင့် မပြုထားဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင် ရက္ခိုင်ပြည် စစ်တွေမြို့မှာ ည ၉ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်အပြင် အဲဒီ သတ်မှတ်ကာလမှာ အပြင်ထွက်ပါက ပစ်မိန့်ပါ ထုတ်ထားတယ်လို့လည်း သိရပါတယ်။
