NewsPolitic

တောင်မော်ကြီးရေတပ်စခန်း ကာကင်းတချို့ AA သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၇ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ​တောင်မော်ကြီး ရေတပ်စခန်းရဲ့ ရှေ့တန်း ကာကင်းစခန်းတချို့ကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“အရင်ကဆိုရင် စစ်တပ်ဖက်ကလေ အနည်းဆုံး စစ်ကြောင်း ၂ ကြောင်း ထိုးတာပေါ့။ အခုတော့ ၁ ကြောင်းနဲ့ ခုခံနေတယ်။ သေတဲ့သူ၊ ဒဏ်ရာရတဲ့သူတွေ များတော့ မခံနိုင်တော့ဘူးလေ။ အခုတော့ တိုက်ပွဲက အဝတောင်နဲ့ ရေတပ်ချုပ်နားထိ ရောက်နေပြီ။ ရှေ့တန်းက ကာကင်းတချို့ကိုလည်း တပ်တော်က ရှင်းလင်းထားပြီ” လို့ ကျောက်ဖြူမြို့နယ်မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

မေလ ၂၈ ရက်ကနေ မေလ ၃၀ ရက်အတွင်း တောင်မော်ကြီးရေတပ်စခန်းကနေ စနဲမြို့ကို စစ်ကြောင်းထိုးလာတဲ့ ရွေးတုအစိုးရတပ်ကို အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်လို့ တပ်သား ၄၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရမိခဲ့ပါတယ်။

“အဝတောင်ကျရင်တော့ ရေတပ်စခန်းကို ရောက်ပြီပေါ့။ အခုတော့ သူတို့က ရှုံးပြီး အထဲကို ပြန်ဝင်သွားပြီးတော့ ရေတပ်ကနေ စနဲနဲ့ ရမ်းဗြဲကို ဒရုန်းတွေရော လက်နက်ကြီးတွေနဲ့ပါ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတယ်။ ရှုံးမဲ မဲနေတာပေါ့” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်မှာ ရွေးတုအစိုးရ စစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ် (၃၂) ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ ကျန်ရှိနေသေးတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်ဖြူမြို့နယ်က သိုင်းချွိန်၊ တောင်မော်၊ မြောချောင်း၊ ထိန်ဒွေ၊ ပြုံးပြဲ၊ အဝတောင် စတဲ့ ကျေးရွာပေါင်း ၁၃ ရွာကျော်က ဒေသခံ ၈၀၀၀ ခန့် အိုးအိမ်စွန့်ခွာပြီး တိုက်ပွဲရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

Related posts

စစ်တွေမှာ လူသားချင်း စာနာမှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီတွေ ရပ်ဆိုင်းနေ

Rakhita Times

ကျောက်ဖြူ တိုက်ပွဲမှာ ALP ပါဝင်ခြင်းမရှိလို့ ငြင်းဆို

Rakhita Times

သံတွဲတွင် မြေမြှုပ်မိုင်းကြောင့် ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်

Rakhita Times

21 comments

Leave a Comment