အာရက္ခတိုင်းမ်စ် (၆ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူလေဆိပ်တွင် စစ်ကော်မရှင်ရဲ့ ဂျိုင်ရိုကော်ပတာ (Gyrocopter) အများအပြား ရောက်ရှိနေပြီး ယခုအခါမှာတော့ စတင်လေ့ကျင့်နေတယ်လို့ သိရပါတယ်။
“ မဟုတ်ရင် သိမှာမဟုတ်ဘူး။ ၄ ရက်နေ့ကပေါ့။ ဂေါက်ကွင်းထဲက ပေါက်ကွဲသံအကျယ်ကြီး ကြားရတယ်။ နောက်မှ သိရတာက ဂျိုင်ရိုကော်ပတာ လေ့ကျင့်ရင်း ဂျိုင်ရိုကော်ပတာမှာ ပါလာတဲ့ ဗုံးသီးက ပြုတ်ကျပြီး ပေါက်ကွဲတာတဲ့” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည် ကျောက်ဖြူတွင် မိုးတွင်းကာလအတွက် ကြိုတင်ကာ ဂျိုင်ရိုကော်ပတာ (Gyrocopter) များ စုဆောင်းနိုင်ရန် မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် ဧပြီလ ၂၄ ရက်က စတင်ကာ ရန်ကုန်ကနေ မာန်အောင်နဲ့ ကျောက်ဖြူကို တပတ် ၃ ရက်နှုန်းနဲ့ လေယာဉ်ပြန်လည် ပြေးဆွဲခိုင်းထားတာလည်း ဖြစ်ပါတယ်။
“ လေ့ကျင့်နေတာတော့ မေလကုန်လောက်ကတည်းလို့ ပြောလို့ရတယ်။ လေယာဉ်ကွင်းမှာ လုံခြုံရေး အပြည့်ချထားတယ်။ အပြင်ကလူတွေ ဝင်လို့မရဘူးလေ။ မြင့်မြင့်လေး ပျံတတ်မှာ ကျမတို့က မြင်ရ သိရတာ။ ဒါတောင် ကျမတို့က ဒရုန်းလို့ ထင်နေတာ။ ပြီးမှ တဆင့်စကားနဲ့ ဂျိုင်ရိုကော်ပတာလို့ သိရတာ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
လက်ရှိမှာတော့ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်ဖြူမြို့နယ်က သိုင်းချွိန်၊ တောင်မော်၊ မြောချောင်း၊ ထိန်ဒွေ၊ ပြုံးပြဲ၊ အဝတောင် စတဲ့ ကျေးရွာပေါင်း ၁၃ ရွာကျော်က ဒေသခံ ၈၀၀၀ ခန့် အိုးအိမ်စွန့်ခွာပြီး တိုက်ပွဲရှောင် နေကြရပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ မေလ ၁၉ ရက် နေ့လည်ကလည်း ကျောက်ဖြူမြို့နယ် စနဲ့မြို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။
