EnvironmentNewsPolitic

ကျောက်တော် ပန်းဖဲချောင်းရွာ ရွာလုံးကျွတ် ရေမြုပ်နေ၊ အရေးပေါ် အကူအညီ လိုအပ်နေ

အာရက္ခတိုင်းမ်စ် (၁၀ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်းရွာမှာ ရွာလုံးကျွတ်နီးပါး ရေမြုပ်နေပြီး အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“မနေ့က ညနေ ၃ နာရီလောက်မှာ တစ်ရွာလုံး မြုပ်နေပြီ။ ဘာတခုမှ မကျန်တော့ဘူး။ လူတွေကို အရေးပေါ် ကယ်ဆယ်ရေးတွေ ပို့နေရတာ။ ရေက တအားပြည့်လျှံနေတာ။ အိမ်ခြေတောင် မပေါ်တော့ဘူး။ ခေါင်ပဲ ပေါ်တော့တာ။ ရွာသားတွေ ဒုက္ခရောက်နေပါတယ်။ စားစရာ သောက်စရာတောင် မရှိဘူး အရေးပေါ်ဖြစ်နေပါတယ်။ တခြားရွာတွေကနေ စားစရာတွေ ပို့နေရပါတယ်” လို့ ပန်းဖဲချောင်းရွာဒေသခံတစ်ဦးက ဆိုပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေ ပြန်လည် ကျဆင်းခြင်း မရှိတာကြောင့် ဒေသခံတွေ နေထိုင်ရေး အခက်အခဲ ဖြစ်နေသလို လယ်ယာ အဓိက လုပ်ကိုင်သူ များပြားတာကြောင့် စပါးတွေလည်း အများအပြား ပျက်စီးဆုံးရှုံးသွားတယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌဖြစ်သူ ကိုမျိုးချစ်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ရေက မကျဘူး။ မိုးကတော့ ဆက်တိုက် ရွာနေတာဆိုတော့ သူတို့ကတော့ ကိုယ့်အိမ်ကိုယ့်ရာမှာ မအိပ်ရတော့ဘူး။ လက်ရှိ ပန်းဖဲချောင်းရွာမှာ နေတဲ့ လူအများစုက လယ်ယာတွေ အဓိက အားထား လုပ်ရတဲ့ လယ်သမားတွေ များတယ်ပေါ့။ အခု လက်ရှိ သူတို့က နေထိုင်ဖို့ အခက်အခဲ ဖြစ်နေတယ်။ နောက်ပြီး စပါးတွေဆိုလည်း အပြင်မှာ ရောက်သွားပြီပေါ့။ သူတို့အိမ်မှာရှိတဲ့ စပါးတွေဆိုလည်း တချို့က နစ်မြုပ်သွားတာ ရှိတယ်” လို့ ကိုမျိုးချစ်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

မိုးကြီးမှုကြောင့် ရက္ခိုင်ပြည်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား အစရှိတဲ့ မြို့နယ်တွေမှာ ရေကြီးမှုများ ဖြစ်ပွားနေပြီး လူ ၃ ဦး သေဆုံးခဲ့တယ်လို့ HDCO ရဲ့ ဇူလိုင်လ ၈‌ ရက်မှာ ရရှိထားတဲ့ အချက်အလက်အရ သိရပါတယ်။

Related posts

ရက္ခိုင်အမျိုးသမီး ၁ ဦးအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခြိမ်းခြောက်သူကို အရေးယူပေးရန် AA ထံတောင်းဆို

Rakhita Times

သံတွဲကို စစ်ကောင်စီဗုံးကြဲလို့ ဒဏ်ရာရှိသူထဲက ၁ ဦး ထပ်မံ သေဆုံး

Rakhita Times

AA ကို ခုခံရန် အမတ ၃၄၄ နဲ့ လေးမျက်နှာကို စစ်အင်အားတွေ ထပ်မံဖြည့်တင်းနေ

Rakhita Times

Leave a Comment