အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆)
နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို ရက် ၁၀၀ အတွင်းမှာ မဖြေရှင်းနိုင်ဘူးလို့ ALP ဥက္ကဋ္ဌ စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရွေးတုအစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံကိန်းနဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ရက် ၁၀၀ စီမံကိန်းဟာ အားလုံး ပြီးပြည့်စုံဖိုတော့ အစတည်းက မမျှော်ပါဘူး။ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ လုပ်သင့်တာတွေ စနိုင်လိုက်တယ်။ အလုပ်ဖြစ်အောင်ကို လုပ်နိုင်လိုက်တယ်ဆိုတဲ့ အနေအထားတော့ ဖြစ်လာလိမ့်မယ်လို့ ကျမတို့ဘက်က မျှော်လင့်ခဲ့တယ်။ အခုဆိုလို့ရှိရင် အလုပ်က အစပျိုးနိုင်လိုက်တယ်။ အများအားဖြင့် အစိုးရရဲ့ စီမံကိန်းအတိုင်း အစပျိူးနိုင်လိုက်တဲ့ အနေအထား ရှိတယ်။ နောက် ဘယ်လို အဆင့်ထိကို လုပ်လာနိုင်ဖို့လဲဆိုတာကတော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အစိုးရရဲ့ကြားမှာ ဆွေးနွေး ညှိနှိင်းမှုတွေက အဓိက ကျပါတယ်။ ရက် ၁၀၀ စီမံကိန်းမှာ အားလုံး ပြီးသွားမှာ မဟုတ်ဘူး။ ဆက်လက်ပြီးတော့ အများကြီး ကြိုးစားရဦးမယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်း ၇၀၊ ၈၀အထိ ပဋိပက္ခဖြစ်လာတဲ့ ဒီပြဿနာကို ရက် ၁၀၀ အတွင်းမှာ ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး။ အဲ့ဒါကြောင့် ရက် ၁၀၀မှ စခဲ့သော အလုပ်ကို ဒီ ၅ နှစ်စီမံကိန်းမှာ ဘယ်လောက်ထိ အကောင်ထည် ဖော်လာနိုင်မှာလဲ။ နောက်ဆုတ်မနေသင့်ဘူး။ အကောင်းဆုံး ကြိုးပမ်းသင့်တယ်လို့ မြင်ထားတာတွေ ရှိပါတယ်” လို့ ပါတီ ဥက္ကဌ စောမြရာဇာလင်းက ပြောပါတယ်။
လက်ရှိမှာ မြောက်ပိုင်း အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင် ရှိလာပြီး ရွေးတုအစိုးရဘက်ကလည်း သွားရောက် ညှိနှိင်းမှုတွေ လုပ်ဆောင်လာတာဟာ ယုံကြည်မှု တည်ဆောက်ရေးအတွက် အထောက်အကူ ဖြစ်စေတယ်လို့လည်း သူက သုံးသပ် ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေး ရရှိဖို့အတွက် အဓိကအချက်ဟာ အားလုံးအတွက် ငြိမ်းချမ်းရေးကို ဦးတည်တဲ့ စိတ်ထားရှိဖို့နဲ့ မညီမျှမှုတွေကို ညှိနှိင်း ဖြေရှင်းလိုတဲ့ ဆန္ဒရှိဖို့ လိုအပ်တယ်လို့လည်း စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
ရွေးတုအစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ဟာ ရက် (၁၀၀) ငြိမ်းချမ်းရေး စီမံကိန်းကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်က စတင်ခဲ့ပြီး ဇူလိုင်လကုန်အထိ အကောင်ထည်ဖော်ဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

4 comments